မြင်းခြံမြို့နယ် မကျီးစုရွာ မီးရှို့ခံရပြီး သက်ကြီးရွယ်အိုတစ်ဦးသေဆုံး
2023.05.24

မန္တလေးတိုင်း မြင်းခြံမြို့နယ် မကျီးစုရွာကို မေလ ၂၄ ရက် ဒီနေ့မနက် အစောပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာကိုမီးရှို့ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့သလို သက်ကြီးရွယ်အိုတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ် ၅၉ လုံးမီးလောင်ပျက်စီးခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ဒေါ်အေးကြိုင်ဟာ ထွက်မပြေးနိုင်တဲ့အတွက် မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာကို ထောင့်လေးထောင့်မီးစရှို့တာ။ ရွာကလူတွေ အကုန်ထွက်ပြေးတော့ သူ့ကိုလည်း ရွာပြင်ရောက်ပြီ မှတ်နေတာ။ မတွေ့လို့ နောက်တစ်ခေါက် ပြန်လာကြည့်တော့မှ ရေချိုးတဲ့ကန်နားမှာ ပြန်တွေ့တာ။ ဒီမနက်အစောပဲ သင်္ဂြိုဟ်လိုက်ပါပြီ”
မေလ ၂၄ ရက် မနက်အစော နှစ်နာရီဝန်းကျင်မှာ အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ကားသုံးစီးနဲ့ ရောက်လာပြီး ရွာကိုစီးနင်းမီးရှို့ခဲ့တာလို့ သူက ပြောပါတယ်။
အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ တစ်ထောင်လောက်ရှိတဲ့ မကျီးစုရွာက ဒေသခံတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးရပြီး မီးငြှိမ်းသတ်သူ အရပ်သားတချို့ကလွဲလို့ ကျန်သူတွေအားလုံး ရွာကို ပြန်မကပ်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ ဦးသိန်းဌေးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှ မီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေရဲ့ နေအိမ်နဲ့ အဆောက်အအုံ ခြောက်သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။