ရန်ကုန်နဲ့ မန္တလေးမှာ အိုမီခရွန် ကူးစက်ခံရသူတွေ များလာ

2022.02.13
ရန်ကုန်နဲ့ မန္တလေးမှာ အိုမီခရွန် ကူးစက်ခံရသူတွေ များလာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ကျန်းမာရေးနှာခေါင်းစည်း တပ်ဆင်ပြီး သွားလာနေသူတွေကို ၂၀၂၀ မေ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: AFP

လူဦးရေများပြားပြီး လူနေထူထပ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ Omicron လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ခံနေရသူ များနေတဲ့အတွက် ကိုဗစ် စတုတ္ထလှိုင်း စတင်နေပြီလို့ ကျန်းမာရေးဝန်ထမ်းတွေက သုံးသပ်ကြပါတယ်။

"ပြောရမှာ အားနာတာလား ရှက်တာလားတော့ မသိဘူး၊ နေမကောင်းဘူးပဲ ပြောကြတယ်”

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ အိုမီခရွန် (Omicron) ဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံမှာ စတင်ပျံ့နှံ့နေပြီဖြစ်ပြီး ရောဂါမပြင်းထန်ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရနိုင်ခြေရှိနေသေး တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။

“အခု ကူးတာလည်း တကယ်ကူးနေပြီပေါ့နော်။ ပြောရရင် မြန်မာနိုင်ငံမှာ စတုတ္တလှိုင်း စပြီလို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ ရောဂါမပြင်းထန်ပေမယ့်လည်း ပေါ့လို့မရဘူး။ ရောဂါအခံရှိတဲ့သူတွေ၊ ဝတဲ့သူတွေနဲ့ သက်ကြီးရွယ်အိုတွေကတော့ ပြင်းထန်တဲ့ သေဆုံးနိုင်ခြေ ရှိနေတုန်းပဲပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဂရုတော့စိုက်ရဦးမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အိုမီခရွန် (Omicron) က COVID-19 ကာကွယ်ဆေးထိုးထား တဲ့သူတွေ၊ အရင် COVID-19 ဖြစ်ဖူးသူတွေမှာလည်း ပြန်ပြီးတော့ဖြစ်နေတာ တွေ့ရပါ တယ်ခင်ဗျ”

အိုမီခရွန် (Omicron) အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာမပြမီ နှစ်ရက် အလိုနဲ့ လက္ခဏာပြပြီး ၃ ရက်အတွင်းမှာ ကူးစက်ပြန့်ပွားနိုင်ပြီး ကူးစက်ခံထားရသူတွေ အနေနဲ့ တစ်ပတ်ခန့် အိမ်ထဲနေထိုင်သင့်တယ်လို့ အမည်မဖော်လိုတဲ့ ဆရာဝန်က အကြံ ပြုထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာ (Delta) မျိုးကွဲဟာ အသက်ရှူလမ်းကြောင်း အောက်ပိုင်း ဖြစ်တဲ့ အဆုတ်ကို ထိခိုက်စေတဲ့အတွက် ရောဂါခံစားရနှုန်းပြင်းထန်ခဲ့ပြီး အခု အိုမီခရွန် (Omicron) ဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းရဲ့ အထက်ပိုင်းမှာ ကူးစက်မှုများတဲ့ အတွက် လည်ချောင်းနာတာ ပိုအဖြစ်များနိုင်တယ်လို့ သူက ပြောပြပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီ ၆ ရက်ကနေ ၁၂ ရက်အထိ စာရင်းအရ တစ်ပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၅၇၈ဝ ရှိနေပြီလို့ တွေ့ရပါတယ်။

အဲဒီစာရင်းထဲမှာ ရန်ကုန်တိုင်းထဲက ကူးစက်မှု ၃၅၈၅ ယောက်နဲ့ ၆၂ ရာခိုင်နှုန်းအထိ ရှိနေပြီး တစ်ပတ်အတွင်း ကူးစက်သူ ၄ ဆ ကျော် မြင့်တက်လာတာကို တွေ့ရပါတယ်။

ကိုဗစ်ကာကွယ်ကုသရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီး ဌာန ပြောခွင့်ရသူတွေဖြစ်တဲ့ ဒေါက်တာခင်ခင်ကြီး ကို RFA က ဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

အာဏာသိမ်းကာလဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ကူးစက်ခံရသူ၊ သေဆုံးသူစာရင်းကို ကောက်ယူနိုင်ဖို့ အခက်အခဲတွေရှိတဲ့အတွက် လက်ရှိထုတ်ပြန်တဲ့ စာရင်းထက် ပိုများနိုင်တယ်လို့ ဆရာဝန်တွေနဲ့ အကူအညီပေးနေ သူတွေက ခန့်မှန်းကြပါတယ်။

ရန်ကုန်မြို့က ဆေးဆိုင်တွေမှာဆိုရင် ဆေးဝယ်ဖို့ စောင့်ဆိုင်းနေတဲ့ လူတွေ တန်းစီနေ တာကို တွေ့ရပြီး အများစုက နှာစေးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ ချောင်းဆိုး ပျောက်ဆေးတွေ ဝယ်ယူကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးရောဂါအထူးကုဌာနက အထူးကု ဆရာဝန်ကြီးတွေလည်း ကိုဗစ်ကူးစက်ခံထားရလို့ နှလုံးရောဂါ အထူးကုပြင်ပလူနာဌာနကို မနက်ဖြန် ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ၁၈ ရက် အထိ ပိတ်ထားမယ်လို့ ဆေးရုံကြီးက ကြေညာထားပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း၊ ကျန်းမာရေးဌာနက ဝန်ထမ်းတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရှိနေတယ်လို့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

ရန်ကုန်လိုပဲ လူနေထူထပ်တဲ့ မန္တလေးက ဆေးခန်းတွေမှာလည်း ဒီရက်ပိုင်းအတွင်း လူနာတွေ တအားများနေပြီး တစ်ခါတစ်ရံ မိသားစုလိုက် လာပြကြတာတွေ့ရတယ်လို့ အိုမီခရွန် (Omicron) လက္ခဏာ ခံစားနေရတဲ့ မန္တလေးမြို့က ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ဆေးသောက်လည်း အဖျားကမကျဘူး၊ ဆေးထိုးမှ အဆင်ပြေတယ်။ ၂၄ နာရီဆေးခန်း ရှိတော့ ဆေးထိုးရတာ အဆင်ပြေတယ်။ ဆေးတွေကလည်း အရင်လှိုင်းတွေတုန်းက ဝယ်ထားတာတွေရှိတယ်။ ရပ်ကွက်ထဲမှာရှိတယ်။ တစ်အိမ်ဖြစ်ရင် အကုန်နေမကောင်း ဖြစ်ကြတယ်။ လူနာတွေများတယ်။ မနက် ၇ နာရီဆို ရောက်ပြီ၊ တစ်ခါတလေ တစ်မိသား စုလုံး လာပြကြတယ်။ တစ်အိမ်ကျော်မှာလည်းဖြစ်တယ်။ လူကတော့ နေလို့မကောင်း ဘူးပေါ့၊ ပြောရမှာ အားနာတာလား ရှက်တာလားတော့ မသိဘူး၊ နေမကောင်းဘူးပဲ ပြောကြတယ်”

mdy-oxygen.jpg
(မန္တလေးမြို့မှာ အောက်ဆီဂျင် ရရှိရေး စောင့်ဆိုင်းနေသူတွေကို ၂၀၂၁ ဇူလိုင် ၁၃ ရက်နေ့က တွေ့ရစဉ်) Photo: AFP

ပြီးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်ခဲ့တဲ့ ကာလတွေက အခြေအနေတွေကို နမူနာ ယူပြီး အောက်ဆီဂျင်နဲ့ စားသောက်စရာတွေကအစ လိုအပ်တာတွေကို ပြင်ဆင်ထားတယ် လို့ မန္တလေးမြို့က မနောကြာဖြူ လူမှုကူညီရေးအသင်းက အတွင်းရေးမှူး ကိုစိုး က ပြောပါ တယ်။

“အောက်ဆီဂျင် တတိယလှိုင်းကို နမူနာယူထားပြီးတော့ ပြည့်စုံအောင် ပြင်ဆင်ထား တယ်။ နောက်ပြီးတော့ လူနာတင်ယာဉ် နှစ်စီး ပြင်ဆင်ထားတယ်။ ဆေးရုံ၊ ဆေးခန်း တွေ သွားချင်ရင် အခမဲ့သွားနိုင်အောင် ပြင်ဆင်ထားတယ်။ အိုမီခရွန် (Omicron) က ကူးစက်မှုမြန်တယ်ပြောကြတယ်။ မိသားစုလိုက် ခံစားကြရတာတွေ ရှိရင် မလုပ်နိုင်လို့ စားဝတ်နေရေး ခက်ခဲရင် ကူညီနိုင်အောင် ပြင်ဆင်ထားတယ်။ ဆေးဝါးတွေကို အခမဲ့ ပေးနိုင်အောင်လည်း ပြင်ဆင်ထားတယ်”

စစ်တပ်က အာဏာသိမ်းပြီးနောက် ကြုံခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းမှာတော့ ကူးစက်သေဆုံးနှုန်းတွေ ပြင်းထန်ခဲ့ရပြီး နေအိမ်တွေမှာ အလံဖြူ၊ အလံဝါတွေထောင်ကာ အစားအစာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်ကြောင်း ပြသခဲ့ကြတဲ့နည်းနဲ့ ပြည်သူအချင်း ချင်း အကူအညီတောင်းခံခဲ့ကြရပါတယ်။

ဒါ့အပြင် ပြင်းထန်တဲ့ ဒယ်လ်တာ (Delta) မျိုးကွဲကြောင့် အောက်ဆီဂျင်အိုးနဲ့ စက်တွေရဲ့ အကူအညီ လိုအပ်သူတွေလည်း အများအပြားရှိခဲ့ရသလို နီးစပ်ရာနိုင်ငံတွေကပါ မှာယူ တင်သွင်းခဲ့ကြရပါတယ်။

မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း တစ်ရှိန်ထိုး မြင့်တက်နေတာကြောင့် ကိုဗစ် စတုတ္ထလှိုင်း စနေပြီလို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူမှုကူညီရေးအသင်းတွေက ယူဆ ကြပြီး ရောဂါမပြင်းထန်ပေမယ့် အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် မပေါ့ဆကြဖို့ သတိ ပေးထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။