အငူမော်ရွာသားတစ်ဦး ဖမ်းဆီးခံရ
2019.09.23
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာက အိုးဖောက်(ခေါ်) ဦးမောင်စံသိန်းရဲ့ နေအိမ်စက်ပြင် ဆိုင်ခန်းမှာ ဒီနေ့ နေ့လယ်က လက်လုပ်ဗုံးတွေ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တပ်မတော်နဲ့ ရဲက သူ့ကို ဖမ်းဆီးသွားပါတယ်။
ဦးမောင်စံသိန်းကို အငူမော် နယ်ခြားစောင့်ရဲစခန်းကနေတစ်ဆင့် ညနေပိုင်းမှာ စစ်တွေမြို့ဘက်ကို ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားတာကို သူ့ရှေ့မှာပဲမြင်တွေ့ရတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
အသက် ၅၃ နှစ်အရွယ် အိုးဖောက်(ခေါ်) ဦးမောင်စံသိန်းဟာ စက်ပြင်ဆရာတစ်ဦးဖြစ်ပြီး သူ့ရဲ့နေအိမ်မှာ စက်ပစ္စည်းရောင်းဝယ်ရေးဆိုင်နဲ့ စက်ပြင်အလုပ်ရုံကို တွဲပြီးဖွင့်ထားသူ ဖြစ်ပါတယ်။
ဒီနေ့ နေ့လယ်က တပ်မတော်နဲ့ရဲက ကျေးရွာမှာအတွင်းအပြင်အားလုံး လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး သူ့ရဲ့နေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ ပလတ်စတစ်ဗူးငယ်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံးတစ်ခုကို တပ်မတော်သားတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဇနီးဖြစ်သူ ဒေါ်ခင်ဆွေဦးကတော့ သူ့အမျိုးသားဟာ အကြမ်းဖက်တဲ့ကိစ္စနဲ့ ပတ်သက်မှုမရှိသလို နေအိမ်မှာဖွင့်ထားတဲ့ စက်ပြင်ဆိုင်ကိုလည်း လူအဝင်အထွက်တွေ များတာကြောင့် ဒါဟာတစ်စုံတစ်ယောက်ရဲ့ လုပ်ကြံမှုကိုခံလိုက်ရတာပဲလို့ ပြောပါတယ်။
အငူမော် နယ်ခြားစောင့်ရဲစခန်းမှာ ကနဦး ခေါ်ယူစစ်ဆေးနေစဉ် အိုးဖောက်(ခေါ်) ဦးမောင်စံသိန်းကို ဒီနေ့ ညနေ က RFA က တိုက်ရိုက်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် နယ်ခြားစောင့်ရဲအရာရှိတွေက RFA နဲ့စကားပြောခွင့်မပြုခဲ့ပါဘူး။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဒီသတင်းနဲ့ပတ်သက်လို့ သူမသိရသေးပေမယ့် လက်လုပ်ဗုံးတွေ့ရှိတာ မှန်ရင် လိုအပ်သလိုစစ်ဆေးရမှာပဲလို့ ပြောပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ဟာ - ဒီနေ့ နေ့လယ်က အငူမော်နယ်ခြားစောင့်ရဲစခန်းကို သွားရောက်ပြီး ဖမ်းဆီးခံရသူနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီဖြစ်စေဖို့နဲ့ ဥပဒေကပေးထားတဲ့ အခွင့်အရေးတွေကို အပြည့်အဝရရှိရေး ဆောင်ရွက်ပေးဖို့ နယ်ခြားစောင့်ရဲအရာရှိတွေနဲ့ တပ်မတော်အရာရှိတွေကို တိုက်တွန်းပြောဆိုခဲ့သလို ဒီကိစ္စကို မျက်ခြေမပြတ်ဆက်လက်စောင့်ကြည့်နေတယ်လို့လည်း RFA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က အငူမော်ကျေးရွာအနီး တောင်ဘက်အရပ်က ဇက်ဆိပ်ကမ်းမှာ တပ်မတော်သားတွေလိုက်ပါလာတဲ့ ရေယာဉ်မဆိုက်ကပ်ခင် ဆိပ်ကမ်းမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရာကနေ ပစ်ခတ်မှုဖြစ်လို့ ဖရဲခင်းမှာ အလုပ်လုပ်နေတဲ့ အသက် ၅၀ ကျော်အရွယ် ရွာသားတစ်ဦးကျည်ထိမှန် သေဆုံးခဲ့ပါတယ်။
ဒီနေ့ သူ့ရဲ့ရုပ်အလောင်းကို ရွာမှာ သဂြိုဟ်နေတဲ့ တစ်ချိန်တည်းမှာပဲ တပ်မတော်နဲ့ ရဲက ကျေးရွာအတွင်းကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်)