ပြည်မြို့က ဖမ်းဆီးခံရသူတစ်ဦး နာရီပိုင်းအတွင်း သေဆုံး

2021.09.07
ပြည်မြို့က ဖမ်းဆီးခံရသူတစ်ဦး နာရီပိုင်းအတွင်း သေဆုံး ပြည်မြို့က ရိုက်နှက်ဖမ်းဆီးခံရပြီး သေဆုံးသူ ကိုဇော်လင်းထက်ကို တွေ့ရစဉ်
-

ပဲခူးတိုင်း (အနောက်ခြမ်း) ၊ ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် ညီအကိုနှစ်ဦးကို စက်တင်ဘာလ ၆ ရက် မနေ့ညနေ ၃ နာရီခန့်မှာ စစ်ကောင်စီဘက်က ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် တစ်ဦးသေဆုံးသွားပါတယ်။

ရိုက်နှက်ဖမ်းဆီးခံရသူတွေက အသက် ၃၀ အရွယ် ကိုဇော်လင်းထက်နဲ့ အသက် ၂၀ အရွယ် ကိုရန်ပိုင်ဖြိုးတို့ ညီအကိုနှစ်ဦးဖြစ်ပြီး ကိုဇော်လင်းထက်ကတော့ မနေ့ကည ၇ နာရီခွဲ အချိန်လောက်မှာပဲ ပြည်မြို့က ကုတင် ၁၀၀ စစ်ဆေးရုံမှာ သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ လုံခြုံရေးအမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက RFA ကိုပြောပါတယ်။

သေဆုံးသွားတဲ့ ကိုဇော်လင်းထက်ရဲ့ အလောင်းကိုလည်း ဒီကနေ့အချိန်အထိ ပြန်မရသေးဘူးလို့ ဆိုပါတယ်။

လာရောက်ဖမ်းဆီးစဉ်က ကိုဇော်လင်းထက်ကို လမ်းပေါ်ဆွဲတင်ပြီး ဝိုင်းဝန်းရိုက်နှက်ကာ ဒဏ်ရာတွေနဲ့ပဲ ကားပေါ်ဆွဲတင်သွားသလို မလုပ်ဖို့ တားမြစ်တဲ့ မိခင်ဖြစ်သူကိုလည်း သေနတ်ဒင်နဲ့ ထုရိုက်ခဲ့တာကြောင့် သတိလစ်သွားတယ်လို့ နီးစပ်သူက ပြောပါတယ်။

ပြည်မြို့က အခြေခံပညာ ကျောင်းသားများသမဂ္ဂအဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖမ်း ခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြည်မြို့ အခြေခံပညာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် လေးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် အဲဒီနောက်ဆက်တွဲအဖြစ် ကိုဇော်လင်းထက် ထပ်မံအဖမ်းခံရတာလို့ မိသားစုနဲ့ နီးစပ်သူကဆိုပါတယ်။

မနေ့က ညပိုင်းမှာပဲ ကိုဇော်လင်းထက်နဲ့ နီးစပ်သူတစ်ဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့သလို စက်တင်ဘာလ ၇ ရက် ဒီကနေ့ မနက် ၆ နာရီမှာလည်း ကိုဇော်လင်းထက်ရဲ့ ဇနီးဖြစ်သူ မဟေမာကိုပါ လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-09-08 08:23

ပြည်သူတွေရဲ့အသက်ကိုရက်စက်နေတဲ့စကစအဖွဲ့ကိုနိုင်ငံတကာကမမြင်ကြတာလား။မသိချင်ယောင်နေကြတာလား။