ဘူးသီးတောင်မြို့နယ်မှာ ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှာ ဒီနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခုကြောင့် ကလေးတစ်ဦး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက RFA ကိုပြောပါတယ်။
သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် မောင်မောင်ရွှေသိန်းဖြစ်ပြီး သူနဲ့အတူရှိနေတဲ့ အသက် ၁၃ နှစ်အရွယ်မောင်မောင်ဝင်းထွန်းနဲ့ အသက် ၁၂ နှစ်အရွယ် မောင်မောင်သန်းအေးတို့လဲ မျက်နှာနဲ့ နောက်ကျောတွေမှာ ဒဏ်ရာရခဲ့ပါတယ်။
သူတို့ဟာ ဒီနေ့မနက် ၉ နာရီလောက်ကတည်းက ရွာနဲ့တစ်မိုင်လောက်ဝေးတဲ့ လယ်ကွင်းမှာ နွားကျောင်းနေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အခုလို သေဆုံးဒဏ်ရာရကြတာလို့ ပြင်ရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေလှဖြူက ပြောပါတယ်။
ဒဏ်ရာရသူ နှစ်ယောက်ကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်လိုက်ပြီး ပေါက်ကွဲမှုနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ နယ်မြေခံ တပ်မတော်အရာရှိတွေနဲ့အတူ စုံစမ်းစစ်ဆေး နေတယ်လို့လည်း သူကဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေကို RFA ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးဘူး။
တပ်မတော်ဘက်ကလဲ အခုလိုဖြစ်စဉ်နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။
RFAက ရရှိထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ အခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့အထိ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲကာလအတွင်း သေဆုံးတဲ့အရပ်သား ၃၁၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၁၂ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။