စစ်တွေအုန်းတောကြီးမီးလောင်မှုမှာ တစ်လခွဲအရွယ် ကလေးငယ်သေဆုံး


2020.08.21
fired-muslim-refugees-camp-622 ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အုန်းတောကြီး မွတ်စလင်ဒုက္ခသည်စခန်း ၂၀၂၀၊ သြဂုတ် ၂၀ ရက်နေ့က မီးလောင်ကျွမ်းနေတာကို တွေ့ရစဉ်
Photo: Citizen Journalist

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အုန်းတောကြီး မွတ်စလင် ဒုက္ခသည်စခန်းမှာ သြဂုတ်လ ၂၀ ရက်နေ့ မနေ့ ညနေပိုင်းက မီးလောင်ခဲ့ရာမှာ ၄၅ ရက်သားအရွယ် မိန်းကလေး သေဆုံးပြီး ဒုက္ခသည်လိုင်းခန်း ခုနှစ်ခန်း မီးထဲပါသွားခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ညနေ ၆ နာရီလောက်မှာ နေအိမ်တစ်လုံးရဲ့ မီးဖိုမီးကြွင်းမီးကျန်ကတစ်ဆင့် စတင်ခဲ့တဲ့ ဒီမီးကြောင့် ဒုက္ခသည် ၂၂၉ ယောက်ဟာ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ ယာယီ ခိုလှုံနေကြရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စခန်းထဲ နေထိုင်သူတစ်ဦးဖြစ်တဲ့ ဦးဘစိန်ကတော့ စခန်းထဲက ဓာတ်ဆီရောင်းတဲ့အိမ်တစ်အိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အိမ်ခန်း ရှစ်ခန်းစီ ပါရှိတဲ့ လူနေဆောင် ခုနှစ်ဆောင် ပျက်စီးသွားတယ်လို့ မီးလောင်မှုဖြစ်ပြီး သုံးနာရီခန့်အကြာမှာ RFA ကို  ပြောကြားခဲ့ပါတယ်။

မီးလောင်ပြီး နာရီဝက်အကြာမှာ မီးငြိမ်းသွားတယ်လို့ ပြည်နယ်မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ ဒေသခံတွေကတော့ မီးက နောက်သုံးနာရီလောက်ကြာအောင် လောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး  မွတ်စလင်ဒုက္ခသည်တွေကို ယာယီနေရာချထားဖို့ အုန်းတောကြီး၊ သံတော်လီ နဲ့ ဒါးပိုင်ဒုက္ခသည်စခန်းတွေ တည်ဆောက်ခဲ့တာဖြစ်ပြီး ဒုက္ခသည် တစ်သိန်းကျော် ခိုလှုံနေထိုင်ကြပါတယ်။

အဲဒီမှာနေထိုင်တဲ့သူတွေဟာ စခန်းပြင်ပကို သွားလာခွင့် ကန့်သတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။