မြင်းမူမှာ စစ်တပ်လှည့်ကင်းက ပစ်ခတ်လို့ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

RFA Burmese
2023.02.17
မြင်းမူမှာ စစ်တပ်လှည့်ကင်းက ပစ်ခတ်လို့ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြို့မဈေးအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
We Love Myinmu

စစ်ကိုင်းတိုင်း မြင်းမူမြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက် မနေ့က ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့တယ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်က ဆိုင်ကယ်ရပ်ပြီး စစ်ဆေးခံဖို့ ပြောဆိုတာကို ရပ်မပေးတာကြောင့် ပစ်ခတ်ခဲ့တာလို့ မျက်မြင်ကြုံရတဲ့ မြင်းမူမြို့နယ်က ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တပ်ကားက မြို့မဈေးကနေလာတာ။ ဆိုင်ကယ်သမားက မြို့မဈေးဘက်ကိုအသွား ဈေးကွေ့ဆိုတဲ့ နေရာမှာ ထိပ်တိုက်တွေ့တော့ ဆိုင်ကယ်ရပ်ပြီး စစ်ဆေးခံဖို့ လှမ်းအော်တယ်။ အဲဒါကို မရပ်ပေးဖို့ မောင်းပြေးတော့ အနောက်ကနေ လှမ်းပစ်တာ။ ဆိုင်ကယ်မောင်းတဲ့ သူ့ကိုလည်းထိတယ်။ ပြီးတော့ လမ်းမဘေးက ကုန်ခြောက်ဆိုင်က ဈေးရောင်းတဲ့ ပိုင်ရှင်အမျိုးသားကိုလည်း ထိတယ်။ ဆိုင်ကယ်မောင်းပြေးတဲ့ သူကတော့ ဒဏ်ရာပြင်းထန်တော့ ညကပဲ ဆုံးတယ်။ ဘယ်သူ၊ ဘယ်ဝါ ရယ်ဆိုတာတော့ အခုထိ မသိရသေးဘူး"

သေဆုံးသွားတဲ့ အသက် ၃၀ အရွယ် အမျိုးသားကိုတော့ မြင်းမူမြို့နယ် ဆေးရုံကနေ ဒီနေ့မနက်ပိုင်းမှာပဲ သင်္ဂြိုဟ်လိုက်ပြီး ဒဏ်ရာရတဲ့ ဈေးဆိုင်ပိုင်ရှင်ကတော့ မန္တလေးဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်၁၀နာရီမှာ မြင်းမူမြို့နယ်၊ အာသောကရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ် ဗုံးခွဲတိုက်ခိုက် ခံခဲ့ရတာပါ။

ဗုံးခွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က မြင်းမူမြို့မဈေးအနီး လမ်းမကြီးတွေကို ပိတ်ဆို့စစ်ဆေးတာနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးခဲ့ပြီး အခုလို ပစ်ခတ်မှုတွေ ဖြစ်လာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ စစ်တပ်ကအာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်အထိ နိုင်ငံတစ်ဝန်း သတ်ဖြတ်ခံရသူ ၂,၉၉၈ ဦးရှိလာပြီလို့ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။