နှမ်းခါးရွာမှာ အလောင်းတစ်လောင်းတွေ့၊ သုံးဦး ပျောက်ဆုံးနေ

2022.04.18
နှမ်းခါးရွာမှာ အလောင်းတစ်လောင်းတွေ့၊ သုံးဦး ပျောက်ဆုံးနေ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ စာသင်ကျောင်းမှာ စစ်ဘေးဒုက္ခသည်များ၏ ပစ္စည်းတွေကို ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မွှေနှောက်ခဲ့စဥ်
ဓါတ်ပုံ - နှမ်းခါးလူငယ်အဖွဲ့
မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို ဧပြီလ ၁၈ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီတပ် သားတွေ ဝင်ရောက်လာပြီးနောက် ရွာထဲမှာ လက်ပြန်ကြိုးတုပ် ပစ်သတ်ခံထားရတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင် နှမ်းခါးရွာက ဘုန်းကြီးကျောင်းကို စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တို့ ဝင်ရောက်ခဲ့ပြီး တူမီးတွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံလေးဦးကို သတ်သွားတယ်လို့လည်း ဂန့်ဂေါဒေသခံတစ်ဦးက ပြောပြပါတယ်။
 
"တူမီးတွေနဲ့ တွေ့လို့ လေးယောက်သတ်ထားခဲ့တယ် ပြောပါတယ်။ ဦးဆန်းဝင်းဆိုတဲ့ အသက် ၆၀ ကျော်လူကြီးကို ပုဆိုးစနဲ့ လက်ပြန်ကြိုးချည်၊ သုသာန်အထိခေါ်ပြီး နဖူးတေ့ပြီးမှ ပစ်သတ်ခံရတဲ့ အလောင်းတစ်လောင်း တွေ့ခဲ့ရပါပြီဗျ အခုအချိန်အထိကတော့"
 
သေဆုံးသွားတယ်ဆိုတဲ့ အခြားသုံးဦးကိုလည်း တောတောင်တွေထဲမှာ ဆက်လက်ရှာဖွေနေ ကြတယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
 
နှမ်းခါးရွာကနေ နေ့လယ် ၂ နာရီဝန်းကျင်မှာ စစ်ကြောင်းပြန်လည်ထွက်ခွာသွားပြီး ရွာထဲက ဆီပုံးတွေကိုပါ သယ်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီတပ်သားတွေက ဒေသခံလေးဦးကို ပစ်သတ်သွားတယ်လို့ ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို ပျောက်နေတဲ့ သုံးဦးကိုလည်း ဒေသခံတွေက ရှာမတွေ့သေး ပါဘူး။
 
ရွာသားတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်နေပေမယ့် ည ၇ နာရီကျော်တဲ့အထိ ခေါ်ဆိုလို့ မရသေး ပါဘူး။
 
အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ တစ်နှစ်အတွင်း ဂန့်ဂေါမြို့နယ်မှာ သေဆုံးခဲ့ရတဲ့ အရပ်သား ၃၂ ဦးအထိ ရှိတယ်လို့ ဂန့်ဂေါမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။