ရွှေဘိုမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်ခံရသူတစ်ဦး သေဆုံး

2021.09.16
ရွှေဘိုမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်ခံရသူတစ်ဦး သေဆုံး ရွှေဘိုမြို့မှာ စစ်ကောင်စီတပ် ဖမ်းဆီးနှိပ်စက်တာကြောင့် သေဆုံးသွားတဲ့ ကိုဇင်မင်းဦးကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးနှိပ်စက်ခံခဲ့ရလို့ ဆေးရုံတက်ကုသနေရတဲ့ အသက် (၂၀) အရွယ် ကိုဇင်မင်းဦးဟာ စက်တင်ဘာ ၁၅ ရက် မနေ့ည ၁၁ နာရီမှာ သေဆုံးသွားပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။

စက်တင်ဘာ ၂ ရက်နေ့ညက ရွှေဘိုမြို့စက်မှုဇုန်အလုပ်ကနေပြန်လာတဲ့ ကိုဇင်မင်းဦး အပါအဝင် ဒေသခံ ငါးဦးကို အမှတ် (၄) ရပ်ကွက် စစ်သားစုဆောင်းရေး တပ်ရှေ့အရောက် စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီး ရိုက်နှက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ကိုဇင်မင်းဦး သေဆုံးမှုအတွက် တရားမျှတမှု လိုချင်တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“တစ်ကိုယ်လုံးဖောယောင်ပြီး ဆုံးသွားတာ၊ သူတို့ရိုက်နှက်ထားတဲ့ ဒဏ်တွေနဲ့ပဲ ဆုံးသွားတာ၊ တရားမျှတမှုလေးတော့ လိုချင်တယ်၊ ပြည်သူတွေက မတရား ဖိနှိပ်ခံနေရတယ်” လို့ မိသားစုဝင်က ဆိုပါတယ်။

သေဆုံးသူ ကိုဇင်မင်းဦးရဲ့ ရုပ်အလောင်းကို ဒီနေ့နေ့လည် ၁၂ နာရီမှာ သင်္ဂြိုဟ်သွားမယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီငါးဦးထဲက ဒဏ်ရာပြင်းထန်တဲ့ ကိုဇင်မင်းဦး၊ ကိုနိုင်မျိုးနဲ့ ကိုဥက္ကာတို့သုံးဦးကို ညတွင်းချင်း ဆေးရုံပို့ခဲ့ ပေမယ့် ကိုနိုင်မျိုးကတော့ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ပဲ နောက်နေ့မှာ သေဆုံးသွားခဲ့သလို ကိုဇင်မင်းဦး ကတော့ မနေ့ညကမှ သေဆုံးသွားတာပါ။

ဒေသခံပြည်သူတွေ အခုလို ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးခဲ့တဲ့အပေါ် စစ်ကောင်စီရဲ့ ဖြေရှင်းမှုကိုသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။