ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ရှေ့နေတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့က တရားလွတ်တော် ရှေ့နေတစ်ဦးဟာ ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မနက် ၇ နာရီခွဲ ဝန်းကျင်က ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲစားနေချိန် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၃၅ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေ ဦးကျော်သန်း ဖြစ်ပါတယ်။
ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်မှာ မနက်ပိုင်း ခေါက်ဆွဲစားနေချိန် အမည်မသိ လူငယ်နှစ်ဦးက ဆိုင်ကယ်နဲ့ လာပစ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ခေါက်ဆွဲစားနေတဲ့အချိန်မှာ ပစ်သွားတာ၊ လူမှုရေးကားတွေနဲ့တော့ သယ်တာပါပဲ၊ ကားပေါ်မှာတင် အသက်က သေသွားတာပေါ့၊ ဖြစ်တဲ့နေရာမှာတော့ စစ်ကောင်စီဘက်က ကားသုံးစီးနဲ့လာပြီး စစ်ဆေးမှု တွေ လုပ်နေတယ်" လို့ ဒေသခံက ဆိုပါတယ်။
ဒေသခံ အများစုကတော့ အသတ်ခံရတဲ့ ရှေ့နေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ကို အားပေးထောက်ခံသူ ဖြစ်ပြီး အာဏာသိမ်းချိန်ကလည်း စစ်ကောင်စီဘက်ကိုပါသူ ဖြစ်တယ်လို့ ပြောကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်နေပေမယ့် ခေါ်ဆိုလို့ မရသေးပါဘူး။
ဦးကျော်သန်း ပစ်သတ်ရပြီးချိန်ကစပြီး စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကိုပါ ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။