တောင်တွင်းကြီးဒေသခံတစ်ယောက် စစ်ကောင်စီကဖမ်းဆီးပြီး ၂၄ နာရီအတွင်း သေဆုံး

2021.09.18
တောင်တွင်းကြီးဒေသခံတစ်ယောက် စစ်ကောင်စီကဖမ်းဆီးပြီး ၂၄ နာရီအတွင်း သေဆုံး စစ်ကောင်စီအဖွဲ့ဝင်တွေကို ၂၀၂၁၊ မတ်လအတွင်းက တောင်တွင်းကြီးမြို့မှာ တွေ့ရစဉ်
Photo: Citizen Journalist

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ အုန်းတော (၁) ရပ်ကွက်မှာ နေထိုင်သူတစ်ဦး မနေ့ညပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံရပြီး ဒီကနေ့ စက်တင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ သိရပါတယ်။

အုန်းတော (၁) ရပ်ကွက်၊ ၅၅၀ ကွက်သစ်မှာနေထိုင်သူ အသက် ၅၀ ဝန်းကျင် ဦးကျော်ကျော်ဟာ အမျိုး တစ်ယောက် နေမကောင်းဖြစ်တာကို ဆိုင်ကယ်နဲ့ သွားရင်းနဲ့ ခုလိုဖြစ်ရတာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"မနေ့ ည ၁၀ နာရီ ခွဲလောက်က သူ့အမျိုး နေမကောင်းတာ ခေါ်လို့ သွားတာ။ ညမထွက်ရအမိန့် ရှိတယ်ဆိုတာ သူသိတယ်။ သူ့အမျိုးအိမ်က အုန်းတော (၁) ထဲမှာပဲမို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပြောပြီးမှ သွားမယ်ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတာ။ သိပ်မကြာဘူး သေနတ်ဖောက်သံ ကြားရတာပဲ။ ဖုန်းကလည်း ပါမသွားဘူး။ သူ့ခန္ဓာကိုယ်မှာတော့ သေနတ်ကျည်ဆန်ရာ မတွေ့ဘူး။ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကတော့ တစ်ကိုယ်လုံး ညိုမဲလို့။ ဒီလောက်အထိ လုပ်လိမ့်မယ်လို့ ထင်မထားဘူး။ ပြည်သူအပေါ်မှာ ရက်စက်လိုက်ကြတာ"

ဦးကျော်ကျော်ကို စစ်ကောင်စီတပ်သားတွေက အုန်းတော (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဖမ်းခေါ် လာပြီးနောက် ဦးကျော်ကျော် က အကျိုးအကြောင်း ရှင်းပြတာကိုလက်မခံဘဲ တစ်ညလုံး ရိုက်နှက် ကန်ကျောက်ခံခဲ့ရကာ မနက် ၆ နာရီမှ ဦးကျော်ကျော်ရဲ့ မိသားစုဆီကို ဆက်သွယ်လာတာလို့ ဆိုပါတယ်။ မိသားစုက သွားခေါ်တဲ့အခါ အသက်ရှိသေးသော်လည်း ဒီကနေ့ ၁၁ နာရီလောက်က မကွေးဆေးရုံမှာ သေဆုံးသွားခဲ့တာလို့ ပြောပါတယ်။

ဦးကျော်ကျော် သေဆုံးမှုနဲ့ ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ တောင်တွင်းကြီး ရဲစခန်းကို ဆက်သွယ်တဲ့အခါ သေမှုသေခင်းနဲ့ အမှုဖွင့်ဖို့များပြီး အထက်အမိန့်ကို စောင့်ဆိုင်းနေကြောင်း အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ဖြေကြားပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ရိုက်နှက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ခုနစ်ဦးအထိ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။