စဉ့်ကိုင်ဒေသခံတစ်ဦး ဖမ်းဆီးခံရပြီးသေဆုံး၊ စစ်ကြောရေးသေဆုံးသူ ၈၂ ဦးထိရှိလာ

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် စွယ်ဆုံရွာ လမ်းဆုံအနီးမှာ ဖွင့်လှစ်ထားတဲ့ တူဒေး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုပြည့်ဖြိုးမောင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် နေ့လယ်က စစ်ကောင်စီ တပ်သားတွေရဲ့ ဖမ်းဆီးမှု ခံရပြီးနောက် အဲဒီနေ့ညမှာပဲ သေဆုံးသွားတဲ့အကြောင်း မိသားစုထံ အကြောင်းကြားလာတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
သူဟာ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကိုပြည့်ဖြိုးမောင်က PDF ကို ထောက်ပံ့တယ်ဆိုပြီး ဒလန်ကဖွတာ။ အဲဒါကို မဟုတ်ကြောင်း သူက သူ့ဖေ့စ်ဘွတ်မှာ တင်ရှင်းသေးတယ်။ ဒါပေမဲ့ နောက်ရက် ဆိုင်ကို စစ်သားတွေဝင်ပြီး သေနတ်နဲ့ပစ်တယ်။ ကိုဖြိုးမောင် ခြေထောက်ကို သေနတ်နဲ့ပစ်တယ်။ မိသားစု သုံးယောက်လုံးကို ဖလံဘိုတပ်စခန်းကို ခေါ်သွားတာ။ အဲဒီမှာရိုက်တာ လက်မောင်းနှစ်ဖက်လုံး ကျိုးတယ်။ နောက် မိန်းမနဲ့ကလေးကို ပြန်လွှတ် လိုက်ပြီး ည ၈ နာရီလောက်မှာတော့ ချော်လဲပြီး ဆုံးသွားတယ်လို့ အကြောင်းပြတယ်။ မီးသင်္ဂြိုဟ်မယ် အရိုးပြာလာယူချင် ယူလို့ရတယ်လို့ မိသားစုကို အကြောင်းကြားလို့ သွားယူလိုက်ကြတယ်"
ကိုပြည့်ဖြိုးမောင်ဟာ PDF တပ်ဖွဲ့ဝင်မဟုတ်ဘဲ သူရဲ့လူမှုကွန်ယက် စာမျက်နှာမှာတော့ စစ်ကောင်စီကို ဆန့်ကျင်တဲ့အကြောင်းတွေ တင်လေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်သားတွေဟာ ဖလံဘိုရွာက ကျေးလက်ဆေးပေးခန်းမှာ တပ်စွဲထားတာ အချိန် ငါးလခန့် ကြာမြင့်နေပြီလို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း စဉ့်ကိုင်မြို့နယ်က CDM ကျောင်းဆရာ ဦးဝင်လွင်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားပြီး နောက်တစ်ရက်မှာ ဦးနှောက်သွေးကြောပေါက် သေဆုံးသွားကြောင်း မိသားစုကို အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က သီးသန့်ပြုစုထားတဲ့ စားရင်းတွေအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ရဲ နဲ့စစ်တပ်က သံသယနဲ့ ဖမ်းဆီးပြီးနောက်ပိုင်း စစ်ကြောရေးမှာ သေဆုံးသူ အရေအတွက် ၈၂ ယောက်ရှိပြီ ဖြစ်ပါတယ်။