နေပြည်တော် စစ်ဆေးရေးဂိတ် ဝင်ပစ်ခံရ ဒုရဲအုပ်တစ်ဦး သေဆုံး

2021.09.14
နေပြည်တော် စစ်ဆေးရေးဂိတ် ဝင်ပစ်ခံရ ဒုရဲအုပ်တစ်ဦး သေဆုံး နေပြည်တော်၊ စီ လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ၂၀၂၁၊ ဇန်နဝါရီလအတွင်းက တွေ့ရစဉ်
Photo: RFA

နေပြည်တော် လယ်ဝေးမြို့နယ် ရှမ်းစုကျေးရွာက စစ်ဆေးရေးဂိတ်ကို ဒီနေ့ နေ့လယ်ပိုင်းက နေပြည်တော် PDF အဖွဲ့က သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဒုရဲအုပ်တစ်ယောက် သေဆုံးသွားတယ်လို့ နေပြည်တော် PDF အဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီစစ်ဆေးဂိတ်က ဒေသခံ လမ်းသွား၊ လမ်းလာ ပြည်သူတွေကို စစ်ဆေးရေးကြမ်းပြီး ပြည်သူတွေကို နှိပ်စက်နေလို့ အခုလို ပစ်ခတ်တာရတာဖြစ်ပြီး ပစ်ခတ်မှု ပြုလုပ်တဲ့အဖွဲ့တွေ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ရှမ်းစုကျေးရွာနဲ့ အနီးတစ်ဝိုက်မှာ အင်အားတွေလည်း ထပ်ဖြည့်ထားပြီး လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"အဲဒီနေရာက ကျနော်တို့နဲ့ သိပ်မဝေးဘူး။ နေ့လယ်က ဖြစ်ဖြစ်ချင်း ကျနော်တို့ ကြားလိုက်တယ်။ အခုတော့ လုံခြုံရေးတွေ ပိုပြီးတင်းကျပ်ထားတယ်"

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ညပိုင်းကလည်း နေပြည်တော် ဥတ္တရသီရိမြို့နယ် မောင်ရမ်းကျေးရွာက စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ဒေါ်ခင်မာဌေး ကိုလည်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း စက်တင်ဘာ ၇ ရက်နေ့က လက်ပစ်ဗုံးနဲ့ ပစ်ခံရပြီး အဲဒီဖြစ်စဉ်မှာ လက်ပစ်ဗုံးက ပေါက်ကွဲသွားခြင်း မရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။