မောင်တော အကြမ်းဖက်ခံရမှု ရဲအရာရှိတစ်ဦး ပျောက်ဆုံးနေဆဲ
2014.01.15

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း မွတ်စလင်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကင်းလှည့်နေတဲ့ရဲတပ်သားတွေ အကြမ်းဖက်ခံရပြီး တပ်ကြပ်ကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦး လက်နက်နဲ့ အတူ ပျောက်ဆုံးနေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။
အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော် မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို အခုလိုပြောပါတယ်။
"ဒီမှာ လုံခြုံရေးသွားလာနေတဲ့သူတွေကို ဘာမှလည်းမဟုတ်ဘဲနဲ့ ရန်ပြုတိုက်ခိုက်တယ်ဆို တာကတော့ သိပ်တော့မကောင်းဘူးပေါ့၊ ဒီနေ့သတင်းရသလောက်တော့ ဖေ့စ်ဘွတ်တွေ သတင်းတွေမှာရေးထားတာကတော့ သေတယ်လို့တော့ ရေးတာပေါ့၊ ဒါပေမယ့် ကျနော်တို့ အစိုးရအနေနဲ့ကျတော့ အလောင်းမတွေ့မချင်း ကျနော်တို့က သေတယ်လို့က ပြောလို့မရသေး ဘူးလေ၊ လက်တွေ့တော့ ပျောက်ဆုံးတယ်လို့ပဲ ကျနော်တို့က ပြောထားသေးတယ်၊ လူလည်းမတွေ့သေးဘူး၊ လက်နက်လည်း ပြန်မရသေးဘူးဆိုတော့ ဆက်ပြီးတော့ ရှာတုန်းပဲရှိပါသေးတယ်"
ဇန်နဝါရီလ ၁၃ ရက်နေ့က ည ၉ နာရီလောက်က ခရေမြိုင်ကျေးရွာရဲကင်းက လုံခြုံရေးနဲ့ ကျေးရွာတာဝန်ရှိသူတွေ ဒုချီရားတန်းကျေးရွာအနီးမှာ ကင်းလှည့်နေစဉ် အဲဒီရွာက မွတ်စလင် ၇၀ လောက်က အုပ်စုလိုက်ဝိုင်းခဲ့ကြတဲ့အတွက် လုံခြုံရေးအဖွဲ့တွေ ထွက်ပြေးပြီး လုံခြုံရေး အဖွဲ့ကိုဦးဆောင်လာတဲ့ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ဒုချီးရားတန်းကျေးရွာက မွတ်ဆလင် ၃၀ လောက်ကို ရခိုင်ပြည်နယ် အစိုးရက စစ်ဆေးမေးမြန်းနေတယ်လို့လည်း သိရပါတယ်။
အခုလို မောင်တော အကြမ်းဖက်ခံရမှုအတွင်း တပ်ကြပ်ကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦး ပျောက်ဆုံးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး ဖြစ်သူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။