သာယာဝတီထောင်က နောက် ထပ်နှစ်ဦး လွတ်မြောက်
2015.07.21

အမျိုးသားပညာရေး သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တာကြောင့် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရသူတွေထဲက အဝေးသင်ကျောင်းသား ကိုမင်းမင်းစိုးနဲ့ ဝန်းရံသူ ကိုခင်လှိုင်တို့ကို သာယာဝတီခရိုင်တရားရုံးက အာမခံနဲ့ ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။
အဝေးသင်ကျောင်းသားနဲ့ ဝန်းရံပြည်သူ ၁၅ ဦးကို အာမခံနဲ့ ပြန်လွှတ်ပေးဖို့ တင်ပြခဲ့ရာမှာ ဒီနေ့အထိ ၁၄ ဦးကို အာမခံပေးတာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
"မိတ္ထီလာကျောင်းသား ကိုမင်းမင်းစိုး၊ ကိုခင်လှိုင် နှစ်ယောက်ရတယ်၊ ဝန်းရံ ငြိမ်းကျော်သူ ကျန်သေးတယ် ၊ နောက်တစ်ပတ်ကျမှ သူ့ကိုထောင်ဆရာဝန်ခေါ်စစ်ပြီးတော့မှ တရားရုံးက စဉ်းစားပါလိမ့်မယ်၊ ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံက ဆင်းလာတာပေါ့နော်၊ တစ်ပတ်ကိုတစ်ခါပြန်ပြရမယ်လို့ သူ့ကိုညွှန်ကြားထားတယ်၊ ၁ဝ ရက်နေ့မှာ ပြန်ပြဖို့အတွက် ရန်ကုန်အသွားမှာ သူအဖမ်းခံလိုက်ရတယ်ပေါ့၊ သူကထောင်ထဲမှာလည်း ကျန်းမာရေးမကောင်းဘူး၊ ထောင်ထဲမှာ ထောင်အမှုထမ်းတွေက သူ့ကိုထောက်ခံတယ်၊ ဆေးစာကျတော့ရေး မပေးနိုင်ဘူး၊ စိတ်ကျန်းမာရေးဆရာဝန်က ထောင်မှာမရှိဘူးလေ၊ နောက်တစ်ပတ်ကို ထောင်ဆရာဝန်ခေါ်စစ်ဖို့ ဒီနေ့လျှောက်လွှာတင်ထားတယ်"
ဒါ့အပြင် ဒီနေ့တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ လက်ပံတန်းမြို့နယ်ရဲမှူး ဖုန်းမြင့်က ကျောင်းသားသပိတ်စစ်ကြောင်း ကို ရန်ကုန်မြို့ထဲမဝင်ဖို့ နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံပိုင် သတင်းစာကို သက်သေခံပစ္စည်းအဖြစ် တင်သွင်းခဲ့ရာ တရားသူကြီးက လက်ခံလိုက်ပါတယ်။
ကျောင်းသားတွေဘက်က လက်ပံတန်းမြို့ ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲရာမှာ ကျောင်း သားကျောင်းသူတွေနဲ့ ဝန်းရံသူတွေကို ရိုက်နှက်ခဲ့တဲ့ စီဒီခွေကို သက်သေခံပစ္စည်းအဖြစ် တင်သွင်းတာကိုတော့ တရားရုံးက ပယ်ချလိုက်ပါတယ်။
လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ကျောင်းသားကျောင်းသူနဲ့ ဝန်းရံပြည်သူ ၅၄ ဦး ကျန်ရှိနေပါသေးတယ်။