ဘောင်းဒွတ်ရွာပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့သူ သေဆုံး


2019.05.15
baungdok-villager-622.jpg ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာမှာ ဧပြီ ၁၃ ရက်နေ့က သေနတ်ပစ်ခတ်ခံခဲ့ရပြီး ၂၀၁၉၊ မေ ၁၅ ရက်နေ့က သေဆုံးသွားခဲ့တဲ့ လက္ကာရွာသား ဦးကျော်သိန်းကို တွေ့ရစဉ်
Photo: Sayar U Than Tun
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာမှာ ဧပြီ ၁၃ ရက်နေ့ ညပိုင်းက သေနတ်ပစ်ခတ်ခံခဲ့ရလို့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခံယူနေရတဲ့ လက္ကာရွာသား ဦးကျော်သိန်းဟာ ဒီကနေ့ မနက်က သေဆုံးခဲ့ပါတယ်။

ဦးကျော်သိန်းဟာ ကျောကုန်းကို ကျည်ဆံဖောက်ဝင်သွားတာဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဧပြီ ၁၅ ရက်နေ့ကတည်း က ဆေးကုသခံယူနေရင်း မသက်သာတဲ့အတွက် အထူးကြပ်မတ်ကုသဆောင်မှာ ရက်ပေါင်း ၂၀ ကျော်ကြာတဲ့ အထိ ကုသခံယူနေရာကနေ ဒီကနေ့ မနက်ပိုင်းမှာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင် က ပြောပါတယ်။

သူဟာ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ နေထိုင်သူဖြစ်ပြီး လက္ကာရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ဘောင်းဒွတ်ရွာကဆွေမျိုးတွေဆီမှာ သွားရောက်ခိုလှုံနေရင်း အခုလိုသေနတ်ကျည်ဆံ ထိမှန်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ဦးကျော်သိန်းဟာ ဦးမောင်ကျော်စိန် ဆိုသူနဲ့အတူ ရှိနေပြီး ဦးမောင်ကျော်စိန်ကတော့ ဦးခေါင်းကိုသေနတ် ကျည်ဆံထိမှန်ခဲ့လို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဧပြီ ၁၃ ရက်ည ပစ်ခတ်မှုဟာ တပ်မတော်ဘက်က ပစ်ခတ်တာလို့ ဘောင်းဒွတ်ရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေက စွပ်စွဲထားပေမယ့် တပ်မတော်ကတော့ ငြင်းဆိုထားပါတယ်။

အဲဒီနေ့က တပ်မတော်ပစ်ခတ်မှုကြောင့် သေနတ်ကျည် ထိမှန်ခဲ့တာဆိုပြီး နယ်မြေခံတပ်ကို ဖုန်းဆက်တိုင်ကြားခဲ့တဲ့ ဘောင်းဒွတ်ရွာ အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းကိုလည်း ပြည်သူလူထု အထင်အမြင် လွဲမှားဖို့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲ ပြောဆိုတိုင်ကြားခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်းကိုလည်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှာ အမှုဖွင့်ထား တယ်လို့ တပ်မတော်က ပြောထားပါတယ်။

ဦးကျော်သိန်းရဲ့ ရုပ်အလောင်းကို မနက်ဖြန် ရေဝေးသုဿာန်မှာ သြင်္ဂိုဟ်မယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသားတွေကို တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ်မှာ သေနတ်ပစ်ခတ်ခံရလို့ ဒဏ်ရာရသူ ရှစ်ဦးထဲက ကိုအောင်လင်းကျော် ဆိုသူဟာလည်း မနေ့က မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ သေဆုံးခဲ့ပါတယ်။ ကိုအောင်လင်းကျော်ရဲ့ ရုပ်အလောင်းကိုတော့ မိသားစုဝင်တွေရဲ့ ဆန္ဒအရ သူတို့ဇာတိကို ပြန်သယ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မှာ ဆေးရုံတက် ကုသနေစဉ်အတွင်း ထောက်လှမ်းရေးနဲ့ ရဲသတင်းတပ်ဖွဲ့တို့က စောင့်ကြည့်တာတွေ ရှိနေခဲ့တယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင် က ပြောပါတယ်။

ကျောက်တန်းရွာပစ်ခတ်မှုကိုတော့ တပ်မတော်က စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။


ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေကြား ဒေသခံ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတာတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုချင်တယ်လို့ အကူအညီပေးနေတဲ့ ဦးတင်ထူးအောင် က ပြောပါတယ်။

"သေနတ်ကျည်ဆံ ထိမှန်ပြီး သေဆုံးသွားတဲ့သူတွေချည်းပါပဲ၊ ဒါဟာ အပြစ်မဲ့တဲ့ပြည်သူတွေ ထိခိုက်သေဆုံး ရတဲ့ကိစ္စဟာ မဖြစ်သင့်တဲ့ကိစ္စပါပဲ၊ တိုင်းပြည်အတွက်လည်း နစ်နာတယ် လက်ရှိအစိုးရရဲ့ပုံရိပ်ကိုလည်း ထိခိုက်တယ်၊ တပ်မတော်ရဲ့ မဆင်မခြင်လုပ်တဲ့လုပ်ရပ်ဟာ နိုင်ငံတကာမှာလည်း ပေါ်လွင်စေတဲ့အတွက်ကြောင့် တပ်မတော်အတွက်လည်း သိက္ခာကျတဲ့လုပ်ရပ် ဖြစ်တယ်ပေါ့နော်၊ ဒီဟာ ထိထိရောက်ရောက် အရေးယူရမယ့် ကိစ္စဖြစ်တယ်၊ ဒီကိစ္စတွေဖြစ်တာ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုင်းရင်းသားပြည်သူတွေနဲ့ အနာဂတ် အတွက်ပေါ့လေ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မှုန်ဝါးစေတယ်ပေါ့နော်၊ ဒီဖြစ်ရပ်မျိုးနဲ့ ဖြစ်စဉ်တွေကို ထိထိရောက်ရောက် ပြန်လည်သုံးသပ်ပြီးတော့ ဆောင်ရွက်ဖို့လိုအပ်တယ်၊ နစ်နာသွားတဲ့ ပြည်သူတွေရဲ့ ဘဝတွေ အချိန်တွေ မျက်ရည်တွေကတော့ ဘယ်လိုမှအစားထိုးလို့မရတဲ့အရာတွေပါ"

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA ကို အခုလိုပြောပါတယ်။

"သတင်းထုတ်ပြန်ထားတာရှိတယ် အဲဒီမှာပုံတွေနဲ့လေ ကျွန်တော်တို့ ပစ်ခတ်တဲ့နေရာက ဘယ်နေရာ သူတို့ထိခိုက်တယ်ဆိုတဲ့ နေရာက ဘယ်နေရာ ကျွန်တော်တို့ပစ်တဲ့နေရာနဲ့ သူတို့ပစ်တဲ့နေရာ အကွာ အဝေး အဲဒါတွေပါ ထုတ်ပြန်ထားပါတယ်၊ စုံစမ်းစစ်ဆေးဦးမယ်လို့ ထုတ်ပြန်ထားတာမရှိဘူးနဲ့တူတယ်၊ ကျွန်တော်တို့ ပစ်တဲ့ခတ်တဲ့ဟာလည်း သူတို့နဲ့မဆိုင်ဘူး အိမ်ထောင်သည်လိုင်းဖက်ကလားမသိဘူး တောတိုးသံကြားလို့ ပစ်လိုက်တဲ့ဟာနဲ့ သူတို့ရွာရှိတဲ့နေရာနဲ့ တစ်ခြားစီ ကျွန်တော်တို့ ပစ်ခတ်ပြီးတဲ့အခါ မှာ ရွာထဲကနေ သေနတ်သံကြားတယ် ကျေးရွာအုပ်ချုပ်ရေးမှုးကလည်း ဖုန်းဆက်တယ် နောက်နေ့ မနက်သွားစစ်တဲ့အခါမှာ ကျွန်တော်တို့ ပစ်ခတ်ထားတဲ့နေရာနဲ့ အကွာအဝေးနဲ့ မကိုက်ဘူး အဲဒီမှာဒဏ် ရာရနေတယ်ဆိုပြီးတော့ သတင်းရတယ် ဒါကြောင့်မို့ ကျေးရွာအုပ်ချုပ်ရေးမှုးကို စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ထားတာရှိတယ်"

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် သေဆုံးတဲ့ အရပ်သား ၃၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၀ လောက်ရှိတယ်လို့ အကူအညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။