မဲနှစ်ကြိမ်ထည့်ခဲ့တယ်ဆိုပြီး အမျိုးသမီးတစ်ဦး ငွေဒဏ်ချမှတ်ခံရ

2022.02.09
မဲနှစ်ကြိမ်ထည့်ခဲ့တယ်ဆိုပြီး အမျိုးသမီးတစ်ဦး ငွေဒဏ်ချမှတ်ခံရ နေပြည်တော် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာက မဲရုံမှာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ဆန္ဒမဲပေးသူ‌တစ်ဦးကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲနှစ်ကြိမ် ထည့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဒေါ်မစိန်ဆိုသူဟာ ဖေဖော်ဝါရီ ၉ ရက် ဒီနေ့ တရားရုံးကနေ ငွေဒဏ် ကျပ်တစ်သိန်း အမိန့်ချမှတ်ခံလိုက်ရတယ်လို့ ရှေ့နေက ပြောပါတယ်။

အသက် ၅၀ အရွယ် ဒေါ်မစိန်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၁၇၁ (စ) နဲ့ အမ်းမြို့နယ် တရားရုံးကနေ ငွေဒဏ်ကျခံစေဖို့ အမိန့်ချလိုက်တာလို့ အဲဒီအမှုကို လိုက်ပါဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကျော်ဆန်းနိုင်က RFA ကို ပြောပါတယ်။

"သူမဟာ မဲနှစ်ကြိမ် ထည့်ခဲ့တယ်လို့ ဒီကနေ့ ဝန်ခံတယ်။ သူ့ဆီကို မဲထည့်ဖို့ စာရွက် နှစ်ရွက် ရောက်တဲ့အတွက် နှစ်ကြိမ်ထည့်တာလို့ ပြောတယ်။ ဒါကြောင့် တရားရုံးက လည်း ငွေဒဏ် ကျပ်တစ်သိန်းချမှတ်ပြီး ဒီကနေ့မှာပဲ ပြန်လွှတ်ပေးလိုက်ပါတယ်"

ဒေါ်မစိန်ကို အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဦးစီးမှူး ဦးသူရိန်ထွန်းက တရားလို လုပ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၇၁ (စ) နဲ့ တရားစွဲခဲ့တာပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲချက်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့လည်း ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၁၀၃ (က)၊ ပုဒ်မ ၁၀၉ တို့နဲ့ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အမှုပေါင်း ၁၀၇၇ ခု ဖြစ်ပွားခဲ့ပြီး၊ ရွေးကောက်ပွဲ ဥပဒေနဲ့ အရေးယူခဲ့တဲ့ အမှုက ၅၄၆ မှု၊ အဲဒီအထဲမှာ တရားစွဲ တင်တဲ့ အမှု ၃၄၂၊ ပိတ်သိမ်းတဲ့ အမှု ၁၉၄ နဲ့ ဥပဒေအကြံတောင်းထားဆဲ အမှု ၁၀ ခု အထိ ရှိကြောင်း စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သစ် UEC က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။