NDF ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်
2010.09.03

ဦးစိုးလွင်သာမက ရေနံချောင်းမြို့နယ် NDF ပါတီ အတွင်းရေးမှူး ဦးကျော်ဆန်းဦးလည်း ပါတီတာဝန်ကနေ နုတ်ထွက်သွားပါတယ်၊
ဦးစိုးလွင်ဟာ ဘီအီး-ဓာတုဘွဲ့ရ အင်ဂျင်နီယာတဦးဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်တဲ့အတွက် နုတ်ထွက်သွားတာလို့ မကွေးတိုင်းက နိုင်ငံရေးလေ့လာသူ တဦးက ပြောပါတယ်၊
ရေနံချောင်းမြို့နယ် NDF အတွင်းရေးမှူး ဦးကျော်ဆန်းဦးကလည်း ကိုယ်စားလှယ်လောင်း အဖြစ်က ဦးစိုးလွင် နုတ်ထွက်တာကို အတည်ပြု ပြောကြားတဲ့ အပြင် သူကိုယ်တိုင်လည်း NDF က နုတ်ထွက်တယ်လို့ ပြောကြားပါတယ်၊
“ရေနံချောင်းက NDF ပေါ့နော်၊ လေးယောက် စာရင်းပေးထားရာမှာ တယောက်က နုတ်ထွက်သွားတယ်ခင်ဗျ၊ NDF ပါတီမှာ အမတ်လောင်းအဖြစ်နဲ့ စာရင်းသွင်းထားတဲ့ ဥိးစိုးလွင်ပေါ့။ မနေ့က လုံးလုံး နုတ်ထွက်သွားတာပေါ့။ ဥိးစိုးလွင်က လာပြီး စည်းရုံးတုန်းက လက်ခံလိုက်တာပေါ့။ အမည်စာရင်း တင်သွင်းပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံကို ဖတ်ကြည့်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို မကျေနပ်လို့၊ မကြိုက်လို့ ရွေးကောက်ပွဲက နုတ်ထွက်သွားတာပဲ။”
ရေနံချောင်းနဲ့ ချောက်မြို့နယ်တွေကနေ တမြို့နယ်ကို ပါတီတခုက ကိုယ်စားလှယ်လောင်း လေးယောက်နှုန်း ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး တိုင်းဒေသကြီးမှာ နှစ်ဦး၊ ပြည်သူ့ လွှတ်တော်မှာ တဦး။ အမျိုးသားလွှတ်တော်မှာ ချောက်မြို့နယ်နဲ့ ရေနံချောင်း နှစ်မြို့နယ်က ကိုယ်စားလှယ် တဦး ပါဝင်ခွင့်ရှိပါတယ်၊
ခု ဦးစိုးလွင်နုတ်ထွက်သွားတာဟာ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦး ပထမဆုံး နုတ်ထွက်သွားတာ ဖြစ်ပြီး NDF ပါတီအနေနဲ့ ရေနံချောင်းမြို့နယ်မှာ ကိုယ်စားလှယ်လောင်း ၃ ဦးပဲ ကျန်ရှိပါတော့မယ်၊
ရေနံချောင်းမြို့နယ်NDF အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ကိုယ်စားလှယ်လောင်း ဦးစိုးလွင်ကို အာအက်ဖ်အေက ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရပါဘူး၊ NDF ပါတီကို ဆက်သွယ်လို့ရတဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရပဲ ဦးခင်မောင်ဆွေ အိမ်ကို ဆက်သွယ်တဲ့အခါ ဒီအကြောင်း အတည်ပြု ပြောကြားမဲ့ ဦးခင်မောင်ဆွေ အိမ်ပြန်မရောက်သေးဘူးလို့ သိရပါတယ်။