အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူပေါင်း သိန်းနဲ့ချီ အဓမ္မခိုင်းစေခံနေရ

RFA Burmese
2023.08.29
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူပေါင်း သိန်းနဲ့ချီ အဓမ္မခိုင်းစေခံနေရ တရုတ်နိုင်ငံတွင် မိုဘိုင်းလ်ဖုန်းအသုံးပြုနေသူတစ်ဦးအား ၂ဝ၂၁ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခြိမ်းခြောက်နှိပ်စက် ညှဉ်းဆဲခံရပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အဓမ္မစေခိုင်းတာခံနေရတယ်လို့ ကုလသမဂ္ဂက ဩဂုတ် ၂၉ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

"စေခိုင်းခံရသူတွေဟာ ရာဇဝတ်သားတွေ မဟုတ်ပါဘူး။ သားကောင်တွေသာ ဖြစ်ကြပါတယ်" လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူပေါင်းတစ်သိန်းနှစ်သောင်းကျော်နဲ့ ကမ္ဘောဒီးယားမှာ လူတစ်သိန်းလောက်ဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဖို့ အတင်းအဓမ္မဖိအားပေး စေခိုင်းခံနေရတယ်လို့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

သားကောင်ဖြစ်ရသူတွေရဲ့ အရေအတွက်အတိအကျဟာ သက်ဆိုင်ရာနိုင်ငံတွေအလိုက် အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုတွေပေါ်မှာ မူတည်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

china-online.jpg
မြန်မာစစ်ကောင်စီရဲတပ်ဖွဲ့မှ တရုတ်ရဲအဖွဲ့ထံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လွှဲပြောင်းပေးခဲ့သည့် လိမ်လည်မှု သံသယရှိသူ ငါးဦးအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Chinese Embassy in Myanmar)

အခုလိုလူကုန်ကူးရာမှာ လာအို၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေဟာ ကြားခံနိုင်ငံတွေဖြစ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လူကုန်ကူးခံရသူအများစုကတော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ နေထိုင်သူတွေအပြင် တရုတ်၊ ဟောင်ကောင် စတဲ့ အာရှနိုင်ငံတွေနဲ့ အာဖရိကနဲ့ လက်တင်အမေရိကနိုင်ငံတွေမှာ ဖြစ်ကြပါတယ်။ သူတို့ထဲမှာအများစုဟာ အမျိုးသားတွေဖြစ်ပြီး လူငယ်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီငွေလိမ်ဂိုဏ်းတွေ ကြီးထွားလာတာဟာ ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက် လုပ်ငန်းတွေလည်ပတ်မှု ရပ်တန့်သွားတာ၊ လောင်းကစားရုံတွေ ပိတ်သိမ်းရတဲ့နောက်ပိုင်း ပိုမိုများလာတာဖြစ်တယ်လို့ ပါရှိပါတယ်။

ငွေလိမ်ဂိုဏ်းတွေဟာ လောင်းကစား၀ိုင်းတွေလောက် နေရာအကျယ်အဝန်း သိပ်မလိုဘဲ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့နိုင်ငံ နယ်စပ်ဒေသတွေမှာ လှုပ်ရှားကြတယ်လို့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။