ထိုင်းရောက် မြန်မာအလုပ်သမားတွေ ကြိုတင်မဲပေးဖို့ လျှောက်လွှာတင်သူ နည်းပါး

လုဆိုင်း
2020.08.06


၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပမဲ့ မြန်မာနိုင်ငံကရွေးကောက်ပွဲအတွက် ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကြိုတင်မဲပေးဖို့ ပုံစံ  ၁၅ လျှောက်လွာ ဖြည့်တာ သြဂုတ်လ ၅ ရက် နောက်ဆုံးနေ့ထိ တစ်သောင်းငါးထောင်ကျော် ရှိနေပါပြီ။

ဒီအရေအတွက်က ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ လူမှုကွန်ရက်ကနေ ဇူလိုင်လ ၁၆ ရက်နေ့ကနေ သြဂုတ်လ ၅ ရက်နေ့ထိ နေ့စဉ် စာရင်းတင်ထားတဲ့ အရေအတွက် ဖြစ်ပါတယ်။ နောက်ဆုံးရတဲ့ စာရင်းကို သိရှိဖို့   မြန်မာသံရုံးကိုRFA က ဆက်သွယ်ခဲ့ပေမယ့် မအားလပ်ဘူးလို့ သံအရာရှိတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား နှစ်သန်းကျော်လောက်ရှိပေမဲ့ အခုသောင်းဂဏန်းလောက်ပဲ မဲပေးနိုင်တာဟာ အလုပ်သမားတွေအတွက် နည်းပညာပိုင်းဆိုင်ရာ စိတ်ဝင်စားမှုတွေ အားနည်းတဲ့ အခက်အခဲတွေကြောင့် ဖြစ်တယ်လို့ မြန်မာရွေ့ပြောင်းအလုပ်သမားများအခွင့်အရေး ကွန်ရက်(MRWN) ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

မြန်မာအလုပ်သမား အများအပြား နေထိုင်နေတဲ့ ထိုင်းနိုင်ငံ မဟာချိုင်မှာတော့  MRWN အဖွဲ့က လျှောက်လွှာဖြည့်ပေးခဲ့လို့ အခက်အခဲတွေ ရှိနေပေမဲ့လည်း လူလေးထောင်လောက် မဲပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအရေအတွက်ဟာ ၂၀၁၅ ရွေးကောက်ပွဲထက်စာရင် မဲပေးသူပိုများတယ်လို့  ဦးအောင်ကျော်က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ၆၀၀ လောက်ပဲ မဲပေးနိုင်ခဲ့တယ်လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ အရေးပေါ်ကာလမှာ အလုပ်လက်မဲ့ ဖြစ်ရတာတွေ၊ ကိုယ်ရေးအချက်အလက်တွေ မတူညီတာ၊ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိကြတာကြောင့်လည်း မဲပေးဖို့ လျှောက်လွှာတင်တဲ့အရေအတွက် နည်းရတာလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

မဲပေးဖို့ လျှောက်လွှာ မဖြည့်တတ်တာ၊ လျှောက်လွှာယူဖို့ အလှမ်းဝေးနေတာတွေရှိတယ်လို့ မြန်မာအလုပ်သမားတွေကို ကိုယ်တိုင်ဖောင်ဖြည့်ပေးနေတဲ့ ဘန်ကောက်မြို့မှာနေတဲ့ ဒေါ်သန်းသန်းထွေးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ အစိုးရချင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွာနဲ့ အလုပ်လုပ်နေတဲ့ အလုပ်သမား ရှစ်သိန်းကျော်ရှိပြီး မည်သူမည်ဝါဖြစ်ကြောင်း တရားဝင် အထောက်အထားပြနိုင်သူ တစ်သန်းကျော်ရှိတယ်လို့  မြန်မာအလုပ်သမားသံအရာရှိရုံး စာရင်းမှာ ဖော်ပြထားပါတယ်။

မြန်မာအလုပ်သမား အများအပြားနေထိုင်တဲ့ မဲဆောက်မြို့မှာ မဲပေးနိုင်တဲ့ မြန်မာအလုပ်သမား တစ်သိန်းခွဲလောက် ရှိပေမဲ့ မဲပေးဖို့ ပုံစံ ၁၅ လျှောက်လွှာ ထောင်ဂဏန်းပဲ တင်ထားတယ်လို့ မဲဆောက်မြို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ပြောပါတယ်။

လျှောက်လွှာတင်တာ နည်းရတာဟာ မြန်မာအလုပ်သမားတွေက ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းပါးတာကလည်း အဓိကအချက်တခု ဖြစ်တယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ဘန်ကောက်မြို့က  အသက် ၃၂ နှစ်အရွယ် မြန်မာအလုပ်သမား ကိုညီညီဇော်က ရွေးကောက်ပွဲမှာ တခါမှ မဲမပေးဖူးပေမယ့် အခုလာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ လျှောက်လွာတင်လိုက်ရလို့ ကျေနပ်တယ်လို့ ဆိုပါတယ်။

မဲထည့်ချင်ကြပေမဲ့ ပုံစံ ၁၅  လျှောက်လွှာကို သြဂုတ်လ  ၅ ရက်နေ့ နောက်ဆုံးတင်ရမယ်ဆိုတာ မသိလိုက်လို့ မတင်လိုက်ရသူတွေ၊ လုပ်ငန်းထဲကနေ ပုံစံ ၁၅  စာရွက်ရဖို့ ခက်ခဲတာတွေကြောင့် မဲပေးချင်ပေမဲ့ စာရင်းမသွင်းနိုင်တဲ့သူ အများအပြား ရှိနေသေးတယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

ဘန်ကောက်မြို့ စာထွန်မှာ အလုပ်လုပ်နေတဲ့ တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ခမောင်းတောင်ကျေးရွာက အသက် ၄၀ အရွယ် ဒေါ်တင်သိန်းက ဖုန်းနဲ့ အွန်လိုင်းကနေ လျှောက်လွှာဖြည့်တာ အဖေနာမည်မတူလို့  ဖြည့်မရခဲ့လို့  စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က စပြီး သြဂုတ်လ ၅ ရက်နေ့ထိ ပုံစံ ၁၅ ထုတ်ယူပြီး အချက်အလက်တွေ ဖြည့်ပြီး ဘန်ကောက်မြို့ သံရုံးကို အီးမေးလ်၊ စာတိုက်၊ ကိုယ်တိုင် သွားပို့ကြဖို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ပုံစံ ၁၅ ကို ဖြည့်ပြီး ဘန်ကောက်မြို့ မြန်မာသံရုံးကို ပို့ထားပေမဲ့ တချို့ မြန်မာအလုပ်သမားတွေရဲ့ ထုတ်ပြန်တဲ့ စာရင်းမှာ နာမည်မပါသေးသူတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

သြဂုတ်လ ၃၊ ၄၊ ၅ ရက်တွေမှာ မြန်မာအလုပ်သမားတွေ ပုံစံ ၁၅ လျှောက်လွာတင်သူ များပြားတာကြောင့် မှတ်ပုံတင် စာရင်းသွင်းခြင်းလုပ်ငန်းကို နေ့ချင်းပြီး အကုန်မထုတ်ပြန်နိုင်သေးလို့ ဘန်ကောက်မြို မြန်မာသံရုံးရဲ့ ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဆက်လက်ထုတ်ပြန်မှာ ဖြစ်တယ်လို့ သြဂုတ်လ ၆ ရက်နေ့က ကြေညာထားပါတယ်။

သြဂုတ်လ ၅ ရက်နေ့ထိ ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ စာရင်းထုတ်ပြန်ချက်မှာ မဲပေးသူ တစ်သောင်းငါးထောင်ကျော် ရှိနေပါတယ်။ မြန်မာအလုပ်သမားတွေ တင်တဲ့ စာရင်းတွေကို ဆက်လက် ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ မြန်မာသံရုံးက ကြေညာထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။