လေလံအနိုင်ရ Ooredoo ဆက်သွယ်ရေးကုမ္ပဏီ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်


2013.07.05
ooredoo-305.JPG ရန်ကုန်မြို့ ဒဂုံမြို့နယ်က Park Royal Hotel မှာ ဇူလိုင်လ ၅ ရက်နေ့ကပြုလုပ်တဲ့ Ooredoo ကုမ္ပဏီရဲ့ သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်
photo: RFA/ Thiha Tun

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ဖို့ ရွေးချယ်ခံထားရတဲ့ Qatar အခြေစိုက် Ooredoo ကုမ္ပဏီဟာ လိုင်စင်သက်တမ်း ၁၅ နှစ်တာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှပ်နှံသွားဖို့ရှိတယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေ က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်က Park Royal Hotel မှာ Ooredoo ကုမ္ပဏီက ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုမ္ပဏီရဲ့အာရှဒေသဆိုင်ရာ ညွန်ကြားရေးမှူး Mr. Nicklas Sweirzy က မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမယ့်ပမာဏနဲ့ ပတ်သက်လို့ ခုလိုပြောဆိုပါတယ်။

ရင်းနှီးမြှပ်နှံမယ့်ပမာဏကတော့ လိုင်စင်အတွက် ကုန်ကျစရိတ်၊ ဝန်ထမ်းလစာ ၊အခွန်အခတွေနဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစားရိတ်တွေအပါအဝင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကို ၁၅ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံသွားဖို့ရှိပါတယ် လို့ပြောသွားတာပါ။

Ooredoo အနေနဲ့ ဒီလို ရင်းနှီးမြှပ်နှံမှုတွေအပြင် လာမဲ့ ၅ နှစ်တာ ကာလအတွင်း လက်ကိုင်ဖုန်း အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာအောင် ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပြီး မြန်မာအစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံအှမ်း တယ်လီဖုန်းနဲ့ မိုဘိုင်းဖုန်း သိပ်သည်းဆ ၇၅ ရာခိုင်နှုန်း ပြည့်မီအောင်လည်း ဆောင်ရွက်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ဆိုပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက်ရာမှာလည်း နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်ပြီး ကုမ္ပဏီအနေနဲ့  ကုမ္ပဏီဝန်ထမ်း ရာနှုန်းပြည့်နီးပါးကို မြန်မာနိုင်ငံသားတွေကို ခန့်အပ်သွားမယ်လို့လည်း သိရပါတယ်။

Ooredoo ကုမ္ပဏီကို ၁၉၈ဝ ပြည့်နှစ်တွေက တည်ထောင်ခဲ့တာ ဖြစ်ပြီး ၂ဝဝ၃ ခုနစ်မှာ ဆက်သွယ်ရေး ဝန်ဆာင်မှုလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် ပထမဆုံး နိုင်ငံခြားကုမ္ပဏီတွေအဖြစ် နော်ဝေးအခြေစိုက် Telenor ကုမ္ပဏီနဲ့ Qatar အခြေစိုက် Ooredoo ကုမ္ပဏီတို့ကို ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။