တပ်ရင်းမှူးကျတဲ့ရွာအနီး အဖမ်းခံရသူ‌လေးဦးကို အမှုဖွင့်

ကျော်လွင်ဦး
2019.11.20
thayettapin-village-kyauktaw-622 ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာ အဝင်လမ်းကို တွေ့ရစဥ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့တုန်းက ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် AA က မိုင်းခွဲတိုက်တာကြောင့် ခမရ ၃၇၄  တပ်ရင်းမှူး ကျဆုံးခဲ့ပါတယ်။

ဒီလို့ဖြစ်ပြီးနောက်နေ့မှာပဲ တပ်မတော်က သရက်တပင်ကျေးရွာသား နှစ်ဦး၊ ရွာမပြင်ရွာသား တစ်ဦး၊ စပါးဆိပ်ရွာသား တစ်ဦးနဲ့ မြေပုံမြို့ကလာတဲ့သူတစ်ဦးတို့ကို AA အဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

ဒီဖမ်းဆီးထားတဲ့ ငါးဦးကို မနေ့ မနက်ပိုင်းတုန်းက တပ်မတော်က ကျောက်တော်မြို့မရဲစခန်းကို လွှဲပေးလိုက်တယ်လို့ သိရပါတယ်။

သူတို့ထဲက တစ်ဦးကိုပြန်လွှတ်လိုက်ပြီး လေးဦးကို အမှုဖွင့်ထားတယ်လို့ သိရကြောင်း ရခိုင်ပြည်နယ်လွှတ်တော်က ကျောက်တော်မြို့နယ် ကိုယ်စားလှယ်က ဦးမောင်လှကျော်က ပြောပါတယ်။

“ဖမ်းဆီးရာမှာတော့ လေးယောက်ကို ကျောက်တော်ရဲစခန်းပို့ပြီးတော့ အမှုဖွင့်တယ်ပေါ့လေ၊ တစ်ယောက်ကိုတော့ ပြန်လွှတ်တယ်လို့ ကြားတယ်၊ ဒေသပြည်သူတွေက အကြောင်းကြားလို့လေ အဲလောက်ပဲသိတယ်”

အမှုဖွင့်ခံရသူတွေထဲမှာ ၁၇ နှစ် အရွယ် မောင်ကြည်လင်းလည်း ပါဝင်ပါတယ်။ မောင်ကြည်လင်းမှာ အပြစ်မရှိဘူးလို့ ဖခင်ဖြစ်သူ  ဦးအောင်သန်းမိုး ပြောပါတယ်။

“မောင်ကြည်လင်းကို ရဲစခန်းမှာ စွဲချက်တင်ထားတယ်လေ၊ အမှုတော့မသိရသေးဘူး၊ စွဲချက်တော့တင်ထားတယ် ပြောတယ်၊ ကျနော့်သားလေးမှာ ဘာအပြစ်မှ မရှိပါဘူး၊ ကျနော့်သားက ဘယ်မှမသွားဘူး အိမ်မှာပဲ နေတယ်။ သူတို့နဲ့ပတ်သက်မှု မရှိပါဘူး၊ သူတို့က မတရားစွဲတာပါ၊ ထမင်းပို့သွားတုန်း မိုင်းပေါက်တယ် အဲဒီမှာရောထည့်တာပါ”

ကျောက်တော်ရဲစခန်းကို RFA က ဆက်သွယ်ရာမှာတော့ အမှုအကြောင်း ပြောဆိုဖို့ ငြင်းဆန်ပြီး အမှုနဲ့ ပတ်သက်ရင်စခန်းမှူးကိုပဲ မေးမြန်းဖို့ တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။ စခန်းမှူးကို ဆက်သွယ်လို့မရသေးပါဘူး။

အမှုဖွင့်ခံထားရသူတွေကို ဒီဇင်ဘာလ ၄ ရက်နေ့မှာ တရားရုံးတင် စစ်ဆေးမယ်လို့ သိရကြောင်း သူတို့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။

တပ်မတော်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးရာမှာ ၂၄ နာရီ ကျော်တာကြောင့် လူအခွင့်ရေးချိုးဖောက်တာဖြစ်တယ်လို့ ရခိုင်လူ့အခွင့်ရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

“လူတစ်ဦးကိုဖမ်းတယ် ၂၄ နာရီကျော်အောင်ထားတယ်၊ တစ်ခါတလေ နှစ်ရက် သုံးရက်လောက်ထိထားတယ် ဒါတွေက လူ့အခွင့်ရေးချိုးဖောက်မှုလို့ပြောလို့ရတယ်၊ မတရားဖမ်းဆီးချုပ်နှောင်မှု  ၂၄ နာရီကျော်ပြီး ဖမ်းဆီးလို့မရဘူးဆိုတာ ဖွဲ့စည်းပုံမှာလည်း ပြဌာန်းထားတယ်၊ အဲလို့ဘဲ ကျောက်တော်မှာ ၁၄ ရက်နေ့ကတည်းကဖမ်းတယ် ၁၉ ရက်နေ့မှာ ရဲစခန်းကိုပို့တယ်ဆိုတာ မတရားဖမ်းဆီးချုပ်နှောင်မှု အဲတာလူ့အခွင့်ရေးချိုးဖောက်တယ်လို့ပဲပြောချင်ပါတယ်”

အမ်းမြို့နယ် နဲ့မြေပုံမြို့နယ်တွေမှာ AA ဆက်စပ်တယ်ဆိုပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးထားတဲ့ ၁၀ ဦးကို ဒီနေ့အမ်းမြို့မရဲစခန်းကို အပ်လိုက်ပြီး အမ်းမြို့နယ်တရားရုံး ရမန်ယူခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့တရားရုံးမှာ ရမန်ယူခဲ့ပြီး ဘာပုဒ်မမှ မတပ်သေးဘူးလို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့ ဒေသခံ ကိုမျိုးလွင်ကပြောပါတယ်။

“အဓိကတော့ တပ်ကပဲ သံသယရှိမှုနဲ့လုပ်တာပေါ့နော်၊ ဘယ်ပုဒ်မနဲ့ တရားစွဲမယ်ဆိုတာတော့ မသိရသေးဘူး၊ အခုကတော့ ရမန်ယူတဲ့အဆင့် ရောက်နေပြီပေါ့၊ စွဲတော့စွဲမှာပေါ့နော် ဘယ်ပုဒ်မနဲ့စွဲမယ်၊ ဘယ်သူတွေကတော့ မခိုင်လုံလို့လွတ်မယ်ဆိုတာ မသိရသေးဘူး”

အမ်းရဲစခန်းကို အပ်လိုက်သူတွေကတော့ ရက္ခိုင့်တပ်တော် AA ဆက်စပ်တယ်ဆိုပြီး တပ်မတော်က ဖမ်းဆီးထားတဲ့ မြေပုံမြို့နယ် ရွာသာယာရွာက ငါးဦးနဲ့ အမ်းမြို့နယ် ရေဘုတ်ကျေးရွာအနီးမှာ ဖမ်းထားတဲ့ ငါးဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အတည်ပြုချက်ယူဖို့ အမ်းမြို့နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ လက်ခံဖြေကြားတာမရှိပါဘူး။

တပ်က ဖမ်းဆီးစစ်ဆေးပြီး ရဲတပ်ဖွဲ့ လွှဲပြောင်းပေးလိုက်တာတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာမှာတော့ ရဲတပ်ဖွဲ့ကိုသာ မေးမြန်းဖို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်နီးပါးရှိနေပြီး ဒီအတောအတွင်း AAနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ အရပ်သား ၂၀၀ နီးပါး ရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။