လွှတ်တော်ဆောင်ရွက်ချက် သုတေသနပြုရေး သင်တန်းဖွင့်လှစ်
2014.02.15

လွှတ်တော်နိုင်ငံရေး ပိုမိုအားကောင်းဖို့အတွက် လွှတ်တော်အတွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင် ရွက်ချက်တွေကို စနစ်တကျ လေ့လာသုတေသနပြုတဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးဟာ အရေးကြီးကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုကိုကြီးက ဒီနေ့ ပြောပါတယ်။
ဒီနေ့ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဖွင့်လှစ်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင် သင်တန်းဖွင့်ပွဲ မိတ်ဆက်ပွဲ အခမ်းအနားမှာ သုတေသနလုပ်ငန်းတွေရဲ့ အရေးပါမူကို အဲဒီအဖွဲ့ရဲ့ အကြံပေးတစ်ဦးအဖြစ် ပါဝင်တဲ့ ဦးကိုကိုကြီးက အခုလို ပြောကြားလိုက်တာပါ။
“လွှတ်တော်နိုင်ငံရေး အားကောင်းလာဖို့ဆိုရင် လက်ရှိ လွှတ်တော်ရဲ့ ဆောင်ရွက်နေမှု၊ သူတို့ရဲ့လုပ်ငန်းစဉ်တွေကို စနစ်တကျလေ့လာဖို့ လိုအပ်တယ် လို့ ကျနော်တို့ ယူဆပါတယ်၊ အဲလို ယူဆတဲ့အခါမှာ စိတ်တူကိုယ်တူနဲ့ ဒီသုတေသနလုပ်ငန်းကို စိတ်ပါဝင်စားတဲ့ လူငယ်တွေ စုစည်းခဲ့ကြပါတယ်”
ဒီနေ့အခမ်းအနားမှာ ပထမအကြိမ်ကနေ ဆဋ္ဌမအကြိမ်အထိ လွှတ်တော် အစည်းအဝေးအတွင်း ဆွေးနွေးတဲ့ အမေးအဖြေတွေကို စုစည်းထားတဲ့ လွှတ်တော် စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ အမှတ် ၁ ကိုလဲ စတင်ဖြန့်ချီခဲ့ပါတယ်။
ပွင့်လင်းမြန်မာ့ရှေ့ဆောင် Open Myanmar Initiative ဟာ နိုင်ငံရေး သုတေသန သင်တန်းတွေအပြင် လူ့အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေးဆိုင်ရာ သင်တန်းတွေကို ရန်ကုန်မြို့ အပါအဝင် တိုင်းရင်းသားဒေသတွေမှာပါ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် လွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ပြောဆို ချက်တွေကို ပြည်သူတွေ သိရှိဝေဖန်နိုင်ရေးအတွက် လွှတ်တော်စောင့်ကြည့်ရေး ဝက်ဘ်ဆိုက် အင်တာနက် စာမျက်နှာတစ်ခုကိုလည်း ဖွင့်လှစ်လိုက်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း သတင်းပေးပို့ထားတာ နားဆင်နိုင်ထားပါတယ်။
ဒီအတောအတွင်း လွှတ်တော်က ပြဌာန်းပြီးဖြစ်တဲ့ ဥပဒေ ၈ ခုဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပေးဖို့ နိုင်ငံတော်သမ္မတက ပြီးခဲ့တဲ့ ဇန်နဝါရီလက သတင်းထုတ်ပြန် ခဲ့ပါတယ်။ အဲ့ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီ၊ မညီ ဆုံးဖြတ်ပေးရမယ့် ခုံရုံးဟာ ပြည်ထောင်စုလွှတ်တော် က ပြင်ဆင်ပြဌာန်းလိုက်တဲ့ ခုံရုံးဥပဒေအတိုင်း ခန့်အပ်ခံထားရသူတွေ ဖြစ်နေသလို လွှတ်တော်နဲ့ နီးစပ်သူတွေ လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဇင်မာဝင်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။