ကရင်နီလူငယ်ခြောက်ယောက်ကို ပုဒ်မ ၁ဝ နဲ့အမှုဖွင့်
2019.05.18

နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု/ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ ကရင်နီလူငယ် ခြောက်ယောက်ကို ကယားပြည်နယ်အစိုးရက လွိုင်ကော်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ကယားပြည်နယ်အစိုးရ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နောင် က တရားလိုလုပ်ပြီး စွဲဆိုထားတယ်လို့ သိရကြောင်း တရားစွဲထားတဲ့ စာရင်းထဲမှာ ပါဝင်နေတဲ့ ခွန်းမျိုးလှိုင်ဝင်း က RFA ကို ပြောပါတယ်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို နဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးတို့ကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေ၊ တိုင်းရင်းသားချစ်ကြည်သွေးစည်းရေးရဲ့ ရန်သူတွေ၊ ကျေးဇူးကန်းသူတွေဖြစ်ကြောင်း ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ကရင်နီလူငယ် ခြောက်ယောက် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့စာကြောင့် တရားစွဲဆိုထားတယ်လို့ လတ်တလော သိထားရကြောင်းလည်း ခွန်းမျိုးလှိုင်ဝင်း က ဆိုပါတယ်။
ကရင်နီလူငယ်တွေဆီကို ဒီနေ့ ညနေပိုင်းအထိ ရဲစခန်းက တရားဝင်အကြောင်းကြားတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ လွိုင်ကော်မြို့မ ရဲစခန်းမှူးထံ RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဒါ့အပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကိုလည်း RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။