ကြည့်မြင်တိုင် ကျောင်းကြီးလမ်းကဆိုင်တွေ သင်္ကြန်မဏ္ဍပ်နဲ့နီးတယ်ဆိုပြီး ပိတ်ခိုင်း

2023.04.12
ကြည့်မြင်တိုင် ကျောင်းကြီးလမ်းကဆိုင်တွေ သင်္ကြန်မဏ္ဍပ်နဲ့နီးတယ်ဆိုပြီး ပိတ်ခိုင်း ရန်ကုန်မြို့၊ အင်းလျားလမ်းတွင် စစ်ကောင်စီ ဆောက်လုပ်ထားသည့် သင်္ကြန်ရေကစားမဏ္ဍပ်တစ်ခုအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးရပ်ကွက်၊ ကျောင်းကြီးလမ်းမပေါ်မှာရှိတဲ့ ဈေးဆိုင်ခန်းတွေကို သင်္ကြန်ရေကစားမဏ္ဍပ်နဲ့ နီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့က ဧပြီလ ၁၁ ရက်နေ့ကစပြီး ပိတ်ခိုင်းထားတယ်လို့ ကြည့်မြင်တိုင်မြို့ခံတွေက RFA ကိုပြောပါတယ်။

အလုပ်အကိုင်ရှားပါးလို့ ဝင်ငွေကျပ်တည်းနေချိန် အခုလိုပိတ်ခိုင်းတာကြောင့် အခက်အခဲဖြစ်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကြည့်မြင်တိုင် မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

"သူက ညဈေးနဲ့တစ်ဆက်တည်းဖြစ်တဲ့ ဗိုလ်သူရလမ်းမနဲ့ ဆက်နေတာဆိုတော့ ကျောင်းကြီးလမ်းထဲမှာ ဈေးဆိုင်တွေက အစုံရှိတယ်။ အခု ဆိုင်တွေပိတ်ခိုင်းတာက ရပ်ကွက်အတွင်းလမ်း၊ ဈေးလမ်းလို့လည်း ပြောလို့ရတယ်။ အခုပုံမှန်ဝင်ငွေရဖို့တောင် ခက်ခက်ခဲခဲရှာနေရတာ ဒီလိုဆိုင်မဖွင့်ရ၊ မထွက်ရဆိုပြီး ပိတ်ခိုင်းတာက ဒုက္ခရောက်တာပေါ့"

ကျောင်းကြီးလမ်းထဲမှာ လမ်းဘေးဆိုင်၊ အိမ်ဆိုင်၊ စားသောက်ဆိုင်၊ ထမင်းကြော်နဲ့ ကွမ်းယာဆိုင်တွေလို အခြေခံ လူတန်းစားတွေ ဖွင့်ထားတဲ့ ဆိုင်တွေလည်းပါတယ်လို့ သူကပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကြည့်မြင်တိုင် ကင်းထောက်အဖွဲ့ တာဝန်ခံကတော့ ကြည့်မြင်တိုင် ကမ်းနားလမ်းနဲ့ အထက်ကြည့်မြင်တိုင်တို့လို လမ်းမကြီးတွေပေါ်မှာ ရေကစားမဏ္ဍပ်မလုပ်ဘဲ ရပ်ကွက်အတွင်းလမ်းမှာလုပ်တာဟာ ပြည်သူတွေကို အခက်အခဲဖြစ်အောင် လုပ်တဲ့သဘောလို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီရေကစားမဏ္ဍပ်တည်နေရာဟာ စစ်ကောင်စီတပ်တွေ အမြဲကင်းပတ်နေတဲ့ လမ်းကြောင်းတစ်ခု ဖြစ်သလို ရဲစခန်းအနီးမှာလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ကြည့်မြင်တိုင်ကင်းထောက်အဖွဲ့အပါအဝင် အဲဒီမြို့နယ်မှာနေထိုင်သူတွေစုဖွဲ့ထားတဲ့ အာဏာရှင်ဆန်ကျင်ရေး အဖွဲ့တွေကတော့ စစ်ကောင်စီရဲ့သင်္ကြန်မှာ မပါဝင်ကြဖို့၊ သင်္ကြန်ကိုဆန့်ကျင်ကြဖို့ တော်လှန်သင်္ကြန်လှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်း သင်္ကြန်ပျော်ပွဲရွှင်ပွဲတွေလုပ်ဖို့ သက်ဆိုင်ရာမြို့နယ်အလိုက် ရေကစားမဏ္ဍပ်တွေ ဆောက်နေတာပါ။

ဧပြီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ရန်ကုန်တိုင်း စမ်းချောင်း၊ ဒဂုံ၊ သာကေတ၊ ပြည်သူ့ရင်ပြင်၊ မန္တလေးတိုင်း စျေးချိုနဲ့ မော်လမြိုင်မြို့က ဆောက်လက်စမဏ္ဍပ်တွေမှာ ဗုံးခွဲတိုက်ခိုက်ခံရမှု ခြောက်ကြိမ် ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။