အသင်းအဖွဲ့ ဥပဒေကြမ်း အဖွဲ့အစည်း ၃၀၀ နီးပါး ပါဝင်ဆွေးနွေး
2013.10.09
နေပြည်တော်မှာကျင်းပနေတဲ့ အသင်းအဖွဲ့များဆိုင်ရာ မှတ်ပုံတင်ခြင်း ဥပဒေမူကြမ်းဆွေးနွေးပွဲမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက မူကြမ်းကိုလက်ခံကြောင်း ဒါပေမဲ့ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့လိုအပ်နေသေးကြောင်း ပြောကြပါတယ်။
စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ ၆/၈၈ ဥပဒေကို ၂ ကြိမ်တိုင်ပြင်ဆင်ပြီး အရပ်ဖက်လူမှုအဖွဲ့အစည်း သုံးရာနီးပါးလောက် ဒီနေ့ ပါဝင်ဆွေးနွေးနေကြတာပါ။ ဥပဒေမူကြမ်းမှာ သုံးနှုန်းထားတဲ့ စကားရပ်တွေနဲ့ပတ်သက်ပြီး ပြင်ဆင်ချင်တာတွေ ရှိနေသေးတယ်လို့ ဒီနေ့ ဆွေးနွေးပွဲ တက်ရောက်နေတဲ့ Myanmar Legal Aid Network က ကိုခင်မောင်ဝင်းက ပြောပါတယ်။
"အဲဒီစကားရပ်တွေက ကျနော်တို့ရဲ့ လွတ်လပ်စွာ လှုပ်ရှားခွင့်တွေကို ထိန်းချုပ်ရာရောက်နေတယ်၊ ဥပမာဆိုရင် ဖွဲ့စည်းခွင့်လက်မှတ်ဆိုတဲ့ စကားရပ်မျိုးပေါ့နော်၊ မှတ်ပုံတင်ခွင့်ပြုပြီးပါကဆိုတဲ့ စကားလုံးမျိုးတွေ၊ ဒါတွေက မှတ်ပုံတင်ရေးအဖွဲ့ကို လုပ်ပိုင်ခွင့် အပြည့်အဝပေးပြီးတော့ အဲဒီမှတ်ပုံတင်ရေးအဖွဲ့က လုပ်ပိုင်ခွင့်မပေးရင်လည်း ကျနော်တို့မှာ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရှိတော့ဘူး၊ ဒီစကားရပ်တွေဖယ်ပြီး ပိုပြီးကောင်းမွန်အောင် ပြှဌာန်းလိုက်မယ်ဆိုရင်တော့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကို တော်တော်လေး ကူညီရာရောက်မယ်"
ပထမမူကြမ်းမှာပါတဲ့ တစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ်နဲ့ ကျပ်သုံးသိန်းထက်မပိုတဲ့ ငွေဒဏ်ဆိုတဲ့ အခန်းတစ်ခုလုံးကို ဒုတိယမူကြမ်းမှာ ပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။
ဒီဥပဒေမူကြမ်း ပြင်ဆင်ဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လွှတ်တော်ရေးရာကော်မတီ တာဝန်ရှိသူတွေ နေပြည်တော်မှာ အခုလိုတွေ့ဆုံဆွေးနွေးကြတာ ၅ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် မဇင်မာဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။