ပြည်တွင်း အဖွဲ့အစည်းအသီးသီး လွတ်လပ်ရေးနေ့ကျင်းပ
2011.01.04

အလားတူ လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်မှာ ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျောက်ပန်းတောင်း မြို့နယ် အဖွဲ့ဝင် ဦးမြင့်လွင်ရဲ့ အိမ်မှာ ကျင်းပခဲ့ပါတယ်။ ဒီနေ့မနက် အခမ်းအနားကို လူ ၅၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ ကျောက်ပန်းတောင်း မြို့နယ်စည်း ကော်မီတီဝင် ဦးတင့်ဝေက ပြောပါတယ်။
ဧရာဝတီ တိုင်း ပုသိမ်မြို့မှာတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကွန်ရက် (HRWDN) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ ပူးပေါင်းပြီး လွတ်လပ်ရေး အခမ်းအနားကို ပုသိမ် ကန်သာယာကွင်းက ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ ကျင်းပခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် အခမ်း အနားကို လူ ၄၀ လောက် ပူးပေါင်းပါဝင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ရင်ထိုးတွေ ဝတ်ဆင်ပြီး စက်ဘီးစီး ချီတက်ခဲ့တာလို့သိရပါတယ်။
အခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ HRWDN အဖွဲ့က ကိုမြင့်နိုင်က လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းကို မမေ့ကြဖို့အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လူငယ်တွေကို အဓိကထား ပြောခဲ့တယ် လို့သိရပါတယ်။
ဒီကနေ့မနက် ပုသိမ်မြို့မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကို အရပ်ဝတ် အာဏာပိုင်တွေ က ပူးပေါင်းပါဝင်ခဲ့တဲ့ အမျိုးသမီးတွေကို အနီးကပ် ဓာတ်ပုံရိုက်ယူပြီး အနှောင့်အယှက် ပေးခဲ့တယ်လို့ကို မြင့်နိုင်က ပြောပါတယ်။
၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို ဒီမိုကရက်တစ်ပါတီ-မြန်မာ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု စတဲ့ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကလည်း ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြပါတယ်။
ဒီမိုကရက်တစ်ပါတီ-မြန်မာရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဗိုလ်တထောင်မြို့နယ် ၅၂ လမ်းမှာ ရှိတဲ့ ပါတီရုံးချုပ်မှာ ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင်တွေနဲ့ တခြားနိုင်ငံရေး ပါတီတွေက ပုဂ္ဂိုလ်တွေအပါအဝင် လူ ၁၅၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရ ပါတယ်။ အခမ်းအနားမှာ ညီညွတ်ရေးနဲ့ ပြစ်ဒဏ်ခတ်မှု ရုပ်သိမ်းပေးရေး အချက် ၂ ချက်ကို အဆိုပြု တိုက်တွန်းခဲ့တယ်လို့ ပါတီခေါင်းဆောင် ဦးသုဝေက ပြောပါတယ်။
အလားတူ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီကလည်း လွတ်လပ်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ တာမွေမြို့နယ်က ပါတီရုံးချုပ်မှာ ဒီနေ့မနက်ပိုင်း ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနား ပြည်ထောင်စုဒီမိုကရေစီ ပါတီနဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) က ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအခမ်းအနားမှာ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာ ရရှိခဲ့ပေမဲ့ ပြည်သူတရပ်လုံးကတော့ တကယ့်လွတ်လပ်ရေး အနှစ်သာရကို ခံစားခွင့် မရရှိသေးကြောင်း မှတ်ချက်ပြုခဲ့တယ်လို့ RFA ကို ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီ-မြန်မာ ရုံးချုပ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့ ပတ်သက်လို့ ပါတီခေါင်းဆောင် ဦသုဝေ ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |