HIV ကူးစက်ခံ မိဘမဲ့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲ ကျင်းပ

HIV ကူးစက်ခံ မိဘမဲ့ ကလေးတွေကို ပြုစု စောင့်ရှောက်ပေးနေတဲ့ ‘သုခရိပ်မြုံ’ နဲ့ ‘World Vision’ တို့ ပူးပေါင်းပြီး ကလေးသူငယ်များ အခွင့်အရေး ကာကွယ်ရေးစာချုပ် ချုပ်ဆိုတဲ့ အထိမ်းအမှတ်နေ့ အဖြစ် ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ကျွန်းမှာ ကလေးများအတွက် ပျော်ပွဲရွှင်ပွဲ ဒီနေ့ ကျင်းပပါတယ်။

2011.11.26
aids_hiv_red_ribbon_305_z.png မြန်မာနိုင်ငံမှ HIV/AIDS ရောဂါသည်များအတွက် နိုဝင်ဘာ ၂၈ ရက်နေ့က အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် အဆိုအကများဖြင့် ရန်ပုံငွေ ရှာဖွေ စုဆောင်းနေသည့် မြန်မာ ကျောင်းသူ ကျောင်းသားလေးများ ဖြစ်ပါသည်။ (Photo: Red Ribbon Campaigners)
(Photo: Red Ribbon Campaigners)

ပျော်ပွဲရွှင်ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကို ပွဲစီစဉ်သူတဦး ဖြစ်တဲ့ ကဗျာဆရာ ‘စောဝေ’ က ပြောပြပါတယ်။

“’သုခရိပ်မြုံ’ ဆိုတဲ့ ဂေဟာ ဖြစ်လာအောင် စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ မော်ဒယ် အဲဒါတွေ ပေါင်းပြီးတော့ ထူထောင်ပေးခဲ့တာလေ။ အဲဒီတုန်းကတော့ စောဝေ၊ အောင်ဝေး၊ ဇော်သက်ထွေးပေါ့။ ကျနော်တို့ကလေးတွေ ၇၂ ယောက် ပါမယ်။ တခြား မိဘမဲ့ကလေးတွေ၊ မိဘရှိပေမယ့် အခြေအနေမဲ့တွေ ဂေဟာထဲက ပေါင်းလာတဲ့ ကလေး ၄ ရာပါမယ်။ အဲဒါကတော့ World Vision အခြမ်းကနေ စုစည်းပေးတာ။ ဒီကလေးတွေရဲ့ ပျော်ရွှင်မှုနဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးချင်တဲ့အတွက် ကျနော့်ကို ဆက်သွယ်လာတဲ့အခါမှာ ကျနော်က အဖြူရောင်သက်တန့်ရဲ့ လုပ်နေကျအလုပ်ပေါ့ လူသာဓုခေါ် နတ်သာဓုခေါ်ပေါ့၊ အနုပညာရှင်တွေက အလှူငွေလည်း ထည့်ကြ၊ ကိုယ့်သီချင်းတွေနဲ့ လာပြီး ဖျော်ဖြေကြပေါ့”

အခမ်းအနားကို နယ်ပယ်မျိုးစုံက အနုပညာရှင်တွေနဲ့ ပရဟိတ အဖွဲ့တွေ တက်ရောက်လာကြပြီး ကလေးတွေနဲ့ အတူတကွ တလှည့်စီ သီဆို၊ ကပြ ဖျော်ဖြေ အားပေးကြတယ်လို့ ဆိုပါတယ်။

ကဗျာဆရာစောဝေဟာ “ဖေဖော်ဝါရီ ၁၄ ချစ်သူများနေ့” ကဗျာက စာကြောင်း တကြောင်းစီရဲ့ အဦးအစမှာ ပါတဲ့ စာလုံးတွေကိုဖတ်ရင် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” လို့ ဖတ်နိုင်အောင် ရေးသားမှုနဲ့ ၂ဝဝ၈ ခုနှစ်မှာ ထောင်ဒဏ်ကျခံရပြီး ၂ဝ၁ဝ ခုနှစ်မှာ ပြန်လွတ်လာတာပါ။

ထောင်ကျသွားပြီးချိန်က စပြီး HIV ကူးစက်ခံ မိဘမဲ့ကလေးတွေအတွက် ရန်ပုံငွေ ရှာပေးနေတဲ့ ‘အဖြူရောင်သက်တန့်’ နဲ့ ‘သုခရိပ်မြုံ’ နာမည်တွေကို စာပေစိစစ်ရေးက ပိတ်ပင်ထားပြီး ခုမှ ပထမဆုံးအကြိမ် ပြန်သုံးခွင့်ရတာလို့ ဆိုပါတယ်။

ပျော်ပွဲရွှင်ပွဲ သက်သက် ဖိတ်ကြားခဲ့ပေမယ့် တက်ရောက်လာသူတွေက အလှူငွေ ၁၈ သိန်းကျော် ထည့်ဝင်တဲ့အပြင် ပစ္စည်းတွေလည်း လှူဒါန်းသွားတယ်လို့ ကိုစောဝေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။