အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီး တရားမျှတမှုရရေး ရခိုင်အခြေစိုက် အဖွဲ့တရာကျော် တောင်းဆို


2020.07.28
rathedaung-women-622.jpg အဓမ္မပြုကျင့်ခံရမှု အရေးယူပေးဖို့ တိုင်ချက်ဖွင့်ရန် စစ်တွေမြို့မရဲစခန်းကို ဇူလိုင်လ ၁၀ ရက်နေ့က ကာယကံရှင်အမျိုးသမီး သွားရောက်ခဲ့စဉ်။
Photo: RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ညက တပ်မတော်သား သုံးယောက်ရဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးအတွက် တရားမျှတမှုရရှိရေးကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ ရခိုင်ပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့ ၁၂၁ ဖွဲ့က အစိုးရကို မနေ့က သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဒီအမှုကို တရားမျှတမှု ရှေ့မှောက်ကိုမရောက်ဘဲ ပျောက်ကွယ်သွားမှာကို စိုးရိမ်တာကြောင့် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ တောင်းဆိုတဲ့ အထဲပါဝင်တဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက RFA ကို ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ရဲစခန်းရဲ့လုပ်ဆောင်မှုတွေဟာ ကြန့်ကြာတာတွေရှိနေတာကြောင့် အားမရဘူးလို့လည်း ဆိုပါတယ်။

ဦးဂါကျေးရွာသူ အမျိုးသမီး အဓမ္မပြုကျင့်ခံရတဲ့ ကိစ္စ ဘယ်လိုဆောင်ရွက်နေလည်းဆိုတာကို မေးမြန်းဖို့ စစ်တွေအမှတ် (၁) ရဲစခန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

ရခိုင်အခြေစိုက် အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ထဲမှာ ဦးဂါကျေးရွာက အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီး တရားမျှတမှုရဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အပါအဝင် လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တရားမျှတမှုရှိတဲ့အထိ အစောတလျင် စစ်ဆေးဖော်ထုတ်ပေးဖို့လည်း ပြောထားပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၀) ရက်နေ့က စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ကာယကံရှင်ကိုယ်တိုင်သွားပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ မုဒိမ်းမှု၊ ပုဒ်မ ၃၆၆ အတင်းအဓမ္မ သွေးဆောင်ခေါ်ယူမှု၊ ပုဒ်မ ၁၄၄ ပြစ်မှုကျူးလွန်ဖို့အတွက် အားပေးမှု စတဲ့ ပုဒ်မသုံးခုနဲ့ တိုင်ချက်ဖွင့်ခဲ့ပါတယ်။

အမှုမှန် ပေါ်ပေါက်ဖို့အတွက် ရဲစခန်းမှာ အခုလို အမှုဖွင့် တိုင်ကြားလိုက်တာလို့လည်း သတင်းထောက်တွေကို ကာယကံရှင်က ပြောဆိုထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အမျိုးသမီးတွေဟာ အဓမ္မပြုကျင့်ခံရတာတွေအပါအဝင် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့ခံစားနေကြရပြီး အမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှုကင်းမဲ့နေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောထားပါတယ်။

ဦးဂါကျေးရွာကလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ နောက်ထပ်မဖြစ်ပွားရေးကို တာဝန်ရှိသူတွေက ဆောင်ရွက်ပေးဖို့ ရခိုင်ပြည်နယ်အခြေစိုက် အရပ်ဘက်အဖွဲ့တွေက တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။