အာဏာသိမ်းကာလ NLD ပါတီဝင် ၁၅၀၀ ကျော် အကျဉ်းချခံထားရ
2024.07.17

အာဏာသိမ်းကာလအတွင်း အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁,၅၃၉ ဦး ပါဝင်တယ်လို့ NLD ပါတီက ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရစဉ် ထောင်ပြင်ခေါ်ထုတ် သတ်ဖြတ်ခံရတာ၊ ထောင်တွင်းရိုက်နှက်တာ၊ ထောင်ပြင်ခေါ်ထုတ်ပြီး စစ်ကြောရေးထပ်လုပ်တာနဲ့ ထောင်တွင်းဆေးကုသမှု မလုံလောက်တာ စတဲ့ အကြောင်းအရင်းတွေကြောင့် သေဆုံးရသူ NLD ပါတီဝင် ၁၁ ဦးရှိတယ်လို့လည်း ဆိုပါတယ်။
ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်တာ၊ မိသားစုနဲ့ တွေ့ခွင့်မပေးတာ အပါအဝင် ထောင်ဝင်စာဖြတ်တောက်မှုတွေကိုလည်း ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထောင်အာဏာပိုင်တွေရဲ့ အခွင့်အရေးချိုးဖောက်မှုတွေကို တရားမျှတမှုရဖို့ အကြိမ်ကြိမ် တောင်းဆိုပေမဲ့ တောင်းဆိုသူတွေသာ ပိုပြီးဖိနှိပ်ခံလာရတယ်လို့လည်း ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၀,၇၇၂ဦး) ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉,၃၄၇ ဦး) ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။