ခင်ဦးမြို့ ရွာပေါင်း ၂၀ ကျော်က ဒေသခံနှစ်သောင်းကျော် ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို ဧပြီလ ၁၉ ရက် မနက်ပိုင်း စစ်ကောင်စီတပ် ထပ်မံ စစ်ကြောင်းထိုးလာလို့ ရွာ ၂၁ ရွာက ဒေသခံ နှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းဒေါင်း၊ မကျည်းအုပ်၊ အင်တိုင်းလေး (တောင်)၊ အင်တိုင်းလေး (မြောက်)၊ သရက်ပင်စု၊ အင်းပတ်၊ မြကန်၊ ကုန်းသာ၊ မရမ်းအင်း၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ သဲကုန်းကြီး၊ မုံတော၊ ဒါန်းကုန်း၊ အောင်သာ၊ အင်းပေါက်၊ ကျွန်းဆွယ်၊ ကျွန်းလည်၊ သိမ်တော်နဲ့ ကြာပင်အိုင်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
ဧပြီလ ၁၉ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ ရေဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာအနီးကို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့မနက် စစ်ကြောင်းပြန်ထပ်ထိုးတာပေါ့။ ပြေးရတာတော့ လူဦးရေများတယ်။ ဒီနေ့က မြင်းဒေါင်းတောင်ဘက်ခြမ်းက ပြေးရတဲ့ရွာ ၁၂ ရွာလောက်ရှိတော့ လူဦးရေ တစ်သောင်းရှစ်ထောင်လောက်ရှိ မယ်။ ဒီဘက်က ပြေးရတဲ့သူနဲ့ဆို လူဦးရေ နှစ်သောင်းကျော် ပြေးနေရတာ"
အဲဒီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက မြကန်ရွာအနီးမှာ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ကိုတရုတ်ကြီး၊ ကိုနောင်၊ ကိုကျော်နိုင်၊ ကိုမိုးဟိန်းနဲ့ ကိုဖိုးကျော်တို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဒေသခံအမျိုးသား ငါးဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ အောင်သာရွာကို နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ၀င်ရောက် မီးရှို့ခဲ့ပြီး မီးလောင်ပျက်စီးမှုအခြေအနေကိုတော့ တိတိကျကျမသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ညနေပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။
စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဧပြီလ ၁၈ ရက်နေ့ကလည်း ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းကို ရေဦးမြို့နယ်ကနေ ဝင်ရောက်ခဲ့တာကြောင့် ဒေသခံ ရှစ်ထောင်ခန့် ထွက်ပြေးခဲ့ရပါတယ်။