ဇန်နဝါရီလထဲ KNU နယ်မြေမှာ စစ်ကောင်စီက ၄၀၀ နီးပါး သေဆုံး

2022.02.08
ဇန်နဝါရီလထဲ KNU နယ်မြေမှာ စစ်ကောင်စီက ၄၀၀ နီးပါး သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က မြစ်ကြီးနားမြို့မှာ တွေ့ရစဉ်
Photo: RFA

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေထဲမှာ ဇန်နဝါရီလထဲ တိုက်ပွဲပေါင်း ၄၃၅ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၃၉၉ ယောက် သေဆုံးပြီး ၃၁၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ရှစ်ရက် ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အဲဒီတစ်လအတွင်း စစ်ကောင်စီတပ်၊ BGF တပ်တို့နဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို KNU ဘက်က ခုနှစ်ယောက် သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

KNU ရဲ့ မူတြော် (ဖာပွန်) ခရိုင် နဲ့ ဒူးပလာယာခရိုင် (မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ) ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီက ကျေးရွာနဲ့ လုပ်ငန်းခွင်တွေဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အရပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

KNU ရဲ့ အဲဒီထုတ်ပြန်ချက်ထဲက ဖြစ်စဉ်အသေးစိတ်တွေနဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီကတော့ ၇၅ နှစ်ပြည့် အထိမ်းအမှတ် ပြည်ထောင်စုနေ့မှာ အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးထားရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးကို ထာဝရငြိမ်းချမ်းရေးအတွက်ဆိုပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒါပေမဲ့လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကရင် အမျိုးသားအစည်းအရုံး KNU၊ ရက္ခိုင့်တပ်တော် AA၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကိုးကန့် MNDAA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA အစရှိတဲ့ အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေဟာ သူ့နယ်မြေဒေသတွေမှာ လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။