လေဘေး၊ ရေဘေးဒုက္ခသည်များကို သာသနာ့ဦးသျှောင် ထောက်ပံ့လှူဒါန်း
2010.11.01

ပြည်တွင်း ဒုက္ခသည်တွေအတွက် ပြည်ပရောက် မြန်မာလူမျိုးတွေက ဝိုင်းဝန်းကူညီတဲ့အနေနဲ့ လက်လှမ်းမီတဲ့ လူမှုရေး အဖွဲ့အစည်းတွေကနေတဆင့် အလှူငွေ တတ်နိုင်သလောက် လှူဒါန်းခဲ့တာလို့ သာသနာ့ဦးသျှောင် အတွင်းရေးမှူး အရှင်နာယကက မိန့်ပါတယ်။ အ
စိုးရက လုပ်ပေးတယ်လို့ ကြားပေမဲ့ ဒေသခံများက ဒီလောက် မရကြောင်း ပြောတယ်လို့ သူက မိန့်ပါတယ်။ အမေရိကန်နိုင်ငံရောက် ရခိုင်များ၊ နောက် မြန်မာပြည်မှ လာသူများ၊ အမေရိကန်လူမျိုးများထံမှ အလှူငွေ တတ်နိုင်သလောက် ကောက်ခံပြီး ပြည်တွင်းကို ပို့ပေးကြောင်း ပြောကြားပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း မေတ္တာတရား ထးပြီး နိုင်ငံတကာမှ အလှူတွေကို အတတ်နိုင်ဆုံး လက်ခံစေချင်ကြောင်း အရှင်နာယကက မိန့်ကြားပါတယ်။
အောက်တိုဘာလလယ်လောက်က မြန်မာပြည်အထက်ပိုင်း မန္တလေးမြို့နယ်တဝိုက် မိုးအကြီးအကျယ် ရွာခဲ့ပြီး မြစ်ချောင်းတွေကနေ ရေလျှံလာတာ၊ ဆည်မြောင်းတွေကို ဖောက်ထုတ်ပစ်တာတွေကြောင့် လူနေအိမ်ခြေနဲ့ စိုက်ခင်းတွေ နစ်မြုပ်ပြီး ရေဘေးသင့်ဒုက္ခသည် သောင်းနဲ့ချီ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ရခိုင်ပြည်နယ် ကျောက်ဖြူဒေသတဝိုက် ဗဟိုပြုတိုက်ခိုက်ခဲ့တဲ့ ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် လူတရာကျော် သေဆုံးပြီး ရှစ်သောင်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
မုန်တိုင်းဒုက္ခသည်တွေကို အရေးပေါ် ကယ်ဆယ်ဖို့ အမေရိကန်အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ NGO အဖွဲ့တွေက ဝိုင်းဝန်း ကူညီနေကြပေမဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီတွေ နှောင့်နှေးနေတယ်လို့ သိရပါတယ်။