ရခိုင်မှာ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် မလုံလောက်
2021.08.05
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရလို့ သေဆုံးသူတွေနဲ့ ပိုးတွေ့လူနာတွေ တစ်နေ့တခြား တိုးလာ နေတာကြောင့် အောက်ဆီဂျင် မလုံလောက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ်နဲ့ အရပ်ဘက်အဖွဲ့တွေက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရရဲ့ ဒီနေ့ သြဂုတ်လ ၅ ရက်နေ့ စာရင်းတွေအရ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ မြေပုံစတဲ့မြို့နယ်တွေမှာသာ အောက်ဆီဂျင်လုံလောက်ပြီး စစ်တွေ၊ မြောက်ဦး အပါအဝင် ကျန်တဲ့မြို့နယ် ၁၂ မြို့နယ်မှာတော့ အောက်ဆီဂျင် မလုံမလောက်ဖြစ်နေတာပါ။
ပြည်နယ်ကထုတ်လုပ်တာနဲ့ မလုံလောက်တဲ့အတွက် ပြည်မကနေ အောက်ဆီဂျင်မှာယူ အသုံးပြုနေရတယ်လို့ ပြည်နယ်အစိုးရပြောခွင့်ရသူ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက RFA ကို ပြောပါတယ်။
“အောက်ဆီဂျင် လိုအပ်ချက်ရှိတယ်ဆိုတာကတော့ ရခိုင်ပြည်နယ်ကထုတ်တာနဲ့ သုံးတာက မလုံလောက် ဘူး။ ၁၇ မြို့နယ်အတွက် လိုအပ်တဲ့ အောက်ဆီဂျင်အိုး အဲဒီအိုးတွေကိုတော့ ကျွန်တော်တို့ရှာပေးပါတယ်။ အခု ကပစ (၆) ကရတဲ့ အိုးရယ်၊ နောက်ပြီးတော့ ရန်ကုန်ဘက်ကပေါ့နော် ကျွန်တော်တို့ တင်သွင်းနေ ပါတယ်”
အခုလက်ရှိတော့ ဆေးရုံတွေမှာ ပိုးတွေ့လူနာတွေ အောက်ဆီဂျင်မပြတ်အောင် စစ်တွေ၊ ကျောက်ဖြူ၊ မောင်တောမြို့တွေမှာရှိတဲ့ စက်ရုံတွေကနေထုတ်လုပ်တဲ့ အောက်ဆီဂျင်တွေ၊ ပြည်မကနေ မှာယူထားတွေနဲ့ အရန်အဖြစ်ထားတဲ့ အောက်ဆီဂျင်တွေနဲ့ မျှဝေခွဲပေးနေတယ်လို့လည်း ဆိုပါတယ်။
"ဆေးရုံတွေမှာ လူနာအားနဲ့ အောက်ဆီဂျင်အားက မမျှတော့ဘူး"
အခုလို အောက်ဆီဂျင်တွေ မလုံလောက်ဖြစ်နေကြတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်ထားတဲ့ နန်းရိပ်ဂရုဏာအောက်ဆီဂျင် အခမဲ့စက်ရုံဟာလည်း လျှပ်စစ်မီးပြတ်တောက် နေတာကြောင့် ပြီးခဲ့တဲ့သြဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီကစလို့ အခုအချိန်ထိ ရပ်နားထားရပါတယ်။
ဒါကြောင့် မြောက်ဦးဆေးရုံမှာ အောက်ဆီဂျင်ပေးထားရတဲ့ လူနာ ၄၀ ကျော် အခက်အခဲဖြစ်နေကြရတယ်လို့ နန်းရိပ်ကရုဏာအောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ဝင်းရွှေ က RFA ကို ပြောပါတယ်။
“ကျွန်တော်တို့မှာ မနေ့ကဆိုရင် EPC က မီးပြတ်ပြီးတော့ မနက်ခြောက်နာရီလောက်ကစပြီး အခုအချိန်ထိ အောက်ဆီဂျင် မထုတ်နိုင်သေးဘူးပေ့ါ။ အောက်ဆီဂျင် မထုတ်နိုင်တဲ့အတွက် ဆေးရုံထဲကလူနာတွေက တော့ အောက်ဆီဂျင် မရှူရဘူးပေါ့။ မနေ့ကဆိုရင် မြောက်ဦးမှာ လူနာအယောက် ၄၀ ကျော်ပေါ့ မွန်းကျပ် တယ်၊ မွန်းကျပ်တယ်ဆိုပြီး ဆေးရုံတစ်ရုံလုံးအော်နေကြတယ်။ တအားကို အခက်အခဲဖြစ်နေကြပါတယ်”
အခုလက်ရှိမှာ ပြည်နယ်အစိုးရက မြောက်ဦးဆေးရုံကို မနေ့ကပေးထားတဲ့ အောက်ဆီဂျင် ၁၀ လုံးကို မျှသုံးနေရတယ်လို့လည်း ဆိုပါတယ်။
အဲဒီ နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့စက်ရုံဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကစလို့ စတင်ထုတ်လုပ်နေ တာဖြစ်ပြီး တစ်ရက်ကို ၄၀ လီတာဆန့် အောက်ဆီဂျင်အလုံး ၅၀ ကျော် ထုတ်လုပ်နေတာပါ။
အစောပိုင်းတုန်းကတော့ မြောက်ဦးဆေးရုံအပြင် ပေါက်တော၊ ကျောက်တော်၊ စစ်တွေ၊ မြေပုံ၊ တောင်ကုတ် မြို့နယ်တွေကိုလည်း ဖြန့်ဝေပေးခဲ့တာပါ။ အခုတော့ မြောက်ဦးမြို့မှာ အောက်ဆီပေးထားရတဲ့လူနာ များလာ တဲ့အတွက် မလုံလောက်ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကစလို့ တခြားမြို့တွေကို အောက်ဆီဂျင် ဖြန့်ဝေမှု ယာယီရပ်တန့်ထားပါတယ်။

အလားတူ ရေလွှမ်းမိုးခဲ့တဲ့ သံတွဲမြို့မှာလည်း အောက်ဆီဂျင်စက်ရုံ ရေနစ်မြုပ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကစလို့ အခုအချိန်ထိ အောက်ဆီဂျင်မထုတ်လုပ်နိုင်ဘဲ ရပ်ထားရဆဲဖြစ်ပါတယ်။
ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ စာရေးဆရာ ဝေဟင်အောင်ကတော့ အရပ်အဖက်အဖွဲ့အစည်းတွေ အောက်ဆီဂျင်စက်ရုံထောင်ဖို့ ကိုယ်ထူကိုယ်ထကြိုးနေကြရတယ်လို့ RFA ကို ပြောပါတယ်။
“ရောဂါတွေ့နှုန်းများလာတာနဲ့အမျှ အောက်ဆီဂျင်လိုအပ်မှုကလည်း ကြီးကြီးမားမားဖြစ်လာတယ်။ စစ်တွေမြို့ ဆေးရုံအပါအဝင် ရခိုင်ပြည်နယ် မြို့ကြီးတော်တော်များများမှာရှိတဲ့ ဆေးရုံတွေမှာ လူနာအားနဲ့ အောက်ဆီဂျင်အားက မမျှတော့ဘူးဆိုတာ တွေ့နေရတယ်။ အောက်ဆီဂျင်က ဘယ်လိုမှ မလုံလောက်တော့ဘူး။ ပြဿနာက ကျွန်တော်တို့ရခိုင်မှာက အောက်ဆီဂျင်က အလွယ်တကူရှာလို့မရဘူး။ အရင်တုန်းက အတိုင်းအတာနဲ့ဆိုရင်တော့ လောက်တယ်ပေါ့။ အခုအခြေအနေမှာတော့ ဘယ်လိုမှ မလောက်တော့ဘူး။ အဲဒါကြောင့် ဒီက လူမှုအဖွဲ့အစည်းတွေနဲ့ ပရဟိတအဖွဲ့တွေက ကိုယ်ထူကိုယ်ထ ကြိုးစားရတဲ့အခြေအနေမျိုးကို ရောက်သွားတယ်”
ရခိုင်ပြည်နယ်က မြို့နယ် ၁၀ ခုလောက်မှာ ကိုယ်ထူကိုယ်ထဆောက်လုပ်နေတဲ့ အောင်ဆီဂျင်စက်ရုံတွေကလည်း လာမယ့် စက်တင်ဘာလောက်မှသာ စက်တချို့ လည်ပတ်နိုင်မယ့်အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။
ပြည်နယ်အစိုးရပြောခွင့်ရသူ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကတော့ ရခိုင်ပြည်နယ်မှာ အောက်ဆီဂျင် အခက်အခဲမဖြစ်အောင်အတွက် ၄၀ လီတာဆန့် အောက်ဆီဂျင်အိုး တစ်နေ့ကို ၂၄၀ အိုးထုတ်နိုင်မယ့် စက်တစ်လုံးကို တရုတ်နိုင်ငံကနေ မှာယူထားပြီး လာမယ့် သြဂုတ်လ ၁၅ ရက်နေ့လောက်မှာ စစ်တွေဆေးရုံကြီးမှာ အောက်ဆီဂျင်ပိုပြီး ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။
ကျောက်ဖြူ ရေတပ်ဌာနချုပ်မှာလည်း ၄၀ လီတာဆန့် အောက်ဆီဂျင်အိုး တစ်နေ့ကို အလုံး ၂၀၀ ထုတ်လုပ်နိုင်တဲ့စက်ကို အိန္ဒိယနိုင်ငံကနေမှာယူပြီး အခုတည်ဆောက်နေပြီလို့လည်း ဆိုပါတယ်။ အခုလက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ်ရောဂါကြောင့် အောက်ဆီဂျင်ပေးထားရတဲ့ လူနာ ၂၂၅ ဦးရှိတယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းအဖြစ် ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့စလို့ စတင်တွေ့ရှိခဲ့တာပါ။ ဒီသုံးလနီးပါးကာအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ သေဆုံးသူ ၂၄၂ ဦး၊ ပိုးတွေ့လူနာ ၃၀၆၈ ဦးအထိ ရှိသွားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးဌာနက ဒီနေ့ထုတ်ပြန်ထားပါတယ်။