မြောက်ဦးမှာ လျှပ်စစ်မီးပြတ်လို့ အောက်ဆီဂျင် အခက်အခဲဖြစ်

2021.08.04
မြောက်ဦးမှာ လျှပ်စစ်မီးပြတ်လို့ အောက်ဆီဂျင် အခက်အခဲဖြစ် မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒက ဦးဆောင်တဲ့ နန်းရိပ်ကရုဏာအဖွဲ့ရဲ့ အောက်ဆီဂျင်စက်ရုံကို ၂၀၂၁ ဇူလိုင် ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားတဲ့ နန်းရိပ်ကရုဏာ အောက်ဆီဂျင် အခမဲ့စက်ရုံဟာ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် မနေ့ ညနေ ၆ နာရီကတည်းက ရပ်နားထားရ တယ်လို့ နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ဝင်းရွှေက RFA ကို ပြောပါတယ်။

အခုလို အောက်ဆီဂျင်စက်ရုံ ရပ်နားထားရတာကြောင့် မြောက်ဦးဆေးရုံမှာ အောက်ဆီဂျင်ပေးထားရတဲ့ ပိုးတွေ့လူနာ ၄၀ ကျော်ဟာ အောက်ဆီဂျင် အခက်အခဲဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

အဲဒီအောက်ဆီဂျင်စက်ရုံဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကစလို့ အောက်ဆီဂျင် စတင်ထုတ်လုပ်နေတာဖြစ် ပြီး တစ်ရက်ကို ၄၀ လီတာဆန့် အောက်ဆီဂျင်အလုံး ၅၀ ကျော် ထုတ်လုပ်ပေးနေတာပါ။

အခုလောလောဆယ်တော့ မြောက်ဦးမှာ ပြည်နယ်အစိုးရကနေ တောင်းထားတဲ့ အောက်ဆီဂျင် ၁၀ လုံးကိုပဲ မျှသုံးနေရတယ်လို့ နန်းရိပ်ကရုဏာ အောက်ဆီဂျင်အခမဲ့ကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ဝင်းရွှေက RFA ကို ပြောပါတယ်။

အခုလို မြောက်ဦးမှာ အောက်ဆီဂျင် အခက်အခဲဖြစ်နေတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က မေးမြန်းရာမှာ မြောက်ဦးဆေးရုံအတွက် အောက်ဆီဂျင် ကူညီပေးမှုတွေ လုပ်ဆောင် နေပြီး အောက်ဆီဂျင်စက်ရုံ ပြန်လည်ပတ်နိုင်ဖို့အတွက်လည်း လုပ်ဆောင်နေတယ်လို့ ပြန်လည်ဖြေကြား ပါတယ်။

အခုလက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ပြည်နယ်ကနေထုတ်တဲ့ အောက်ဆီဂျင်နဲ့ လုံလောက်မှု မရှိတာကြောင့် ပြည်မကနေ မှာယူသုံးစွဲနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁ ရက် စစ်အာဏာသိမ်း ၆ လပြည့်နေ့ မိန့်ခွန်းမှာ စစ်ကောင်စီ ဥကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်ကုသရေးမှာ လိုအပ်တဲ့ Oxygen Concentrator တွေ၊ Liquid Oxygen အပါအဝင် ဆေးနဲ့ဆေးပစ္စည်းတွေ တင်သွင်းမှုအတွက် FDA ထောက်ခံ ချက်နဲ့ သွင်းကုန်လိုင်စင် လျှောက်ထားဖို့ မလိုတဲ့အပြင် အခွန်တွေကို ဖြေလျှော့ခွင့် ပြုထားတယ်လို့ ပြောသွား ပါတယ်။

liquid oxygen ကို ရန်ကုန်၊ မန္တလေး စတဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှုမြင့်မား နိုင်တဲ့နေရာတွေနဲ့ ပြည်သူ့ဆေးရုံတွေ၊ ကျန်းမာရေးဌာနတွေ၊ စစ်ဆေးရုံတွေနဲ့ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံတွေမှာ တိုးချဲ့ တပ်ဆင်နေတဲ့အတွက် လာမယ့် စက်တင်ဘာလထဲမှာ ပြည်သူ့ဆေးရုံတွေအနေနဲ့ အောက်ဆီဂျင်လိုအပ်ချက်တွေကို ပုဂ္ဂလိက စက်ရုံတွေကနေ ဝယ်စရာမလိုတော့ဘူးလို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားပါတယ်။

လက်တွေ့မှာတော့ ရခိုင်ပြည်နယ်မှာသာမက ရန်ကုန်၊ မန္တလေးအပါအဝင် အခြားမြို့ကြီးမြို့ငယ်တွေမှာပါ ကိုဗစ်လူနာတွေဟာ အောက်ဆီဂျင်ရရှိရေးအတွက် ခက်ခက်ခဲခဲ ကြိုးစားရှာဖွေနေရဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီစာရင်းတွေအရ ဒီကနေ သြဂုတ်လ ၈ ရက်နေ့မှာ ကျောက်ဖြူ၊ မာန်အောင်၊ သံတွဲ၊ အမ်းနဲ့ မြေပုံစတဲ့မြို့တွေမှာ အောက်ဆီဂျင်လုံလောက်မှုရှိပြီး စစ်တွေ၊ မြောက်ဦးအပါ အဝင် ကျန်တဲ့ မြို့နယ် ၁၂ မြို့နယ် အောက်ဆီဂျင်လုံလောက်မှုမရှိဘူးလို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။