PA စက်ရုံက မြန်မာအလုပ်သမားတွေကို လျော်ကြေးငွေပေးဖို့ ထိုင်းအလုပ်သမားရုံး ဆုံးဖြတ်


2018.09.13
pa-622.jpg ပိတ်သိမ်းခဲ့တဲ့ PA အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် အလုပ်ရှင်က ဘတ် ၈ သန်း လျော်ကြေးငွေပေးဖို့ မဲဆောက်မြို့ အလုပ်သမားတရားရုံးက ၂၀၁၈ သြဂုတ်လ ၃၀ ရက်နေ့မှာ အမိန့်ချမှတ်လိုက်ပါတယ်။
Photo: HRDF

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်မိုင်မှာရှိတဲ့ PA အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် ဘတ် ၈ သန်း ( မြန်မာငွေကျပ် သန်းပေါင်း ၃၈၀ ကျော်) ကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ပေးခဲ့ပြီးဖြစ်တယ်လို့ ထိုင်းအစိုးရအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အထည်ချုပ်အလုပ်ရှင်တွေက မြန်မာအလုပ်သမားတွေကို  နစ်နာကြေး ဘတ်၂၅ သန်း (မြန်မာကျပ်ငွေ သန်းပေါင်း ၁၂၀၀ နီးပါး ) ပေးဆောင်ဖို့ ထိုင်းအလုပ်သမားတရားရုံးက ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်နေ့က ဆုံးဖြတ်ပေးခဲ့တာဖြစ် ပါတယ်။

အဲဒီစက်ရုံပိုင်ရှင်က ၂ ယောက်ဖြစ်ပြီး အခုရရှိတဲ့လျော်ကြေးငွေဟာ ဘန်ကောက်မြို့က အလုပ်ရှင်က ပေးတာဖြစ်ပြီး မဲဆောက်မြို့က အလုပ်ရှင်တစ်ယောက်က ကျန်တဲ့လျော်ကြေးငွေကို ထပ်ပေးရမှာဖြစ်တယ်လို့ မြန်မာအလုပ် သမားတွေကို ကူညီပေးနေတဲ့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ကိုမိုးကျော်က RFA ကို ပြောပါတယ်။

"ဘန်ကောက်ကနေ တဝက်ဆိုင်တဲ့အလုပ်ရှင်ကို ပိုက်ဆံလျော်ကြေး ချမှတ်တယ်ပေါ့နော်။ မနေ့ကတုန်းကတော့ အလုပ်သမားတွေ ရသွားတယ်။ ဆက်လက်ပြီးတော့ မဲဆောက်မှာရှိတဲ့ အလုပ်ရှင်ပေါ့။ အလုပ်ရှင်က နှစ်ယောက်ဖြစ်နေတယ်။ ဘန်ကောက်မှာရှိတဲ့ အလုပ်ရှင်ရယ် မဲဆောက်မှာ ရှယ်ယာဝင်ထားတဲ့ အလုပ်ရှင်ရယ် အလုပ်ရှင် ၂ ယောက်ကနေ ပေးရမှာဖြစ်တယ်။ မဲဆောက်မှာ ကျန်ခဲ့တဲ့အလုပ်ရှင်က အမှုမရင်ဆိုင်ဘူး ဖြစ်နေတယ်။ အဲဒီအလုပ်ရှင်ဆီကနေလည်း အလုပ်သမားတွေ ပိုက်ဆံရဖို့ရှိသေးတယ်။"

PA အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမားတွေကို လုပ်အားခ အပြည့်အဝမပေးတာကြောင့် အလုပ်သမားတွေက တောင်းဆိုတဲ့အခါမှာ မြန်မာအလုပ်သမား ၁၃၀ ကို အကြောင်းမဲ့ အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။ ဒါဟာ ထိုင်းအလုပ်သမားဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် အလုပ်သမားတရားရုံးမှာ တရားစွဲဆိုခဲ့ကြတာပါ။

အလုပ်သမား ၁၃၀ ထဲမှာ တချို့အလုပ်သမားတွေကတော့ မြန်မာနိုင်ငံကို ပြန်သွားပြီး တရားစွဲတဲ့အထဲမှာ မပါဝင်တဲ့အတွက် အလုပ်သမား ၁၁၅ ယောက်အတွက်ပဲ ရရှိတာဖြစ်တယ်လို့ ကိုမိုးကျော်က ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ PA အထည်ချုပ်မှာ အလုပ်လုပ်ခဲ့စဉ်က တရက်လုပ်အားက ၁၁၀ ကနေ ၁၇၅ ဘတ်သာရရှိတာ၊ အချိန်ပိုကြေး မရရှိခဲ့တဲ့အပြင် ပိတ်ရက်ခံစားခွင့်တွေလည်း မရရှိတာ၊ လုပ်ငန်းခွင်ဘေးကင်း လုံခြုံမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မရရှိခဲ့တဲ့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ ရောင်ခြည်ဦးအလုပ်သမား အဖွဲ့အပါအဝင် တခြား အလုပ်သမားအဖွဲ့တွေကနေ လိုက်ပါကူညီပေးခဲ့တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။