မဲဆန္ဒရှင်ပညာပေးလုပ်ငန်းတွေ စီစဉ်ဖေါ်ထုတ်ပေးဖို့ တိုက်တွန်း
2015.09.22

သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေကို မဲဆန္ဒရှင်တွေ ကြည့်ရှုနှုန်းမြင့်မားလာစေအောင် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းတွေ အရှိန်မြင့်ဆောင်ရွက်ဖို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ People's Alliance for Credible Elections (PACE) အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
PACE အဖွဲ့ဟာ မဲစာရင်းစတင်ထုတ်ပြန်တဲ့ရက်ကနေစပြီး စက်တင်ဘာ၂၀ရက်နေ့အထိ ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့နယ်ပေါင်း ၁၁၀ မှာလေ့လာစောင့်ကြည့်ပြီး အခုလိုတိုက်တွန်းတာဖြစ်တယ်လို့ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
"တစ်ပတ်ကြာ ကျနော်တို့ မဲဆန္ဒရှင်စာရင်းကြေညာတာကို စောင့်ကြည့်ခဲ့တယ်၊ အဲဒါစောင့်ကြည့်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကနဦးအစီရင်ခံစာကိုထုတ်တာပါ၊ အဓိက ကျနော်တို့ သုံးသပ်တဲ့အပိုင်းက အရေးအကြီးဆုံးအချက်တစ်ချက် ပြောရမယ်ဆိုရင် ရွေးကောက်ပွဲယုံကြည်မှုပေါ့၊ မဲဆန္ဒရှင်အများအပြား မဲစာရင်းကို သွားမကြည့်ဖြစ်တော့ သူတို့ရဲ့နာမည်တွေ မဲစာရင်းမှာမပါဘူးဆိုလို့ရှိရင် ရွေးကောက်ပွဲနေ့ကျမှ အဲ့ဒါကိုသိရမယ်၊ အဲ့ဒီအခါကျမှ မဲရုံရှေ့မှာ မဲမပေးရဘဲ ပြန်သွားရမယ့်လူတွေများမယ်၊ ဒါရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား ရည်ရွယ်ချက်မရှိဘဲလုပ်တာလားအပေါ်မှာ အငြင်းပွားစရာတွေဖြစ်လာနိုင်တယ်၊ ပဋိပက္ခတွေဖြစ်လာနိုင်တယ်"
အဖွဲ့အနေနဲ့ မဲစာရင်းကြေညာထားတဲ့နေရာပေါင်း ၄၂၁ နေရာကို လေ့လာစောင့်ကြည့်ခဲ့တာဖြစ် ပြီး နေရာတော်တော်များများမှာ သတ်မှတ်ထားတဲ့ရက်နဲ့ အချိန်အတိုင်း ကြေညာထားတာမတွေ့ရဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မဲစာရင်းအမှားကို ပြင်ဆင်၊ ဖြည့်စွက်ကန့်ကွက်သူ အရေအတွက်နည်းပါးပြီး စောင့်ကြည့်ခဲ့တဲ့နေရာတွေထဲ က ၄၂ရာခိုင်နှုန်းဟာ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းနဲ့ အသိပညာပေးစာရွက်စာတမ်း၊ ပစ္စည်းတွေကို မဲစာရင်းကြေ ညာတဲ့နေရာနဲ့ အနီးတဝိုက်မှာ ထားထားတာမတွေ့ရဘူးလို့ပြောပါတယ်။
PACE အဖွဲ့ဟာ ၂၀၁၅ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်မှတ်ပုံတင်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။