အသစ်ထုတ်ပြန်မယ့် မဲစာရင်း မှန် - မမှန် စောင့်ကြည့်သွားမည် - PACE
2015.08.10

လာမယ့်သြဂုတ်လ ၂၄ ရက်နေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ဖို့ရှိတဲ့ တစ်နိုင်ငံလုံး မဲပေးနိုင်တဲ့ လူဦးရေစာရင်းတွေ မှန်ကန်မှု ရှိ ၊ မရှိ ဆိုတာကို မြို့နယ်ပေါင်း ၁၀၀ကျော်မှာ စောင့်ကြည့်သွား မယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ PACE အဖွဲ့ကပြောပါတယ်။
ရွေးကောက်ပွဲစောင့်ကြည့်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ PACE အဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမှုဆောင် ဒါရိုက်တာ ကိုရဲကျော်စွာမြင့်က ပြောသွားတာ ဖြစ်ပါတယ်။
"မဲဆန္ဒရှင်စာရင်း တစ်နိုင်ငံလုံး ကြေညာတဲ့ကိစ္စမှာ ကျနော်တို့ကဖြစ်စဉ်တွေကို စောင့်ကြည့်မယ်၊ ပြဌာန်းထားတဲ့ နည်းဥပဒေ မူဘောင်တွေဟာ မဲစာရင်းမှာ နိုင်ငံသားအားလုံးပါဝင်ဖို့အတွက်ကို ဘယ်လောက်အသုံးကျသလဲ၊ ဘယ်လောက်ပွင့်လင်းမြင်သာမှုရှိသလဲ၊ ဖြစ်စဉ်ကိုတိုင်းတာဖို့ ဘာတွေဟာ အခက်အခဲဖြစ်စေသလဲဆိုတာမျိုးကို ဘာသာစကားရသော်လည်းကောင်း အမျိုးသား အမျိုးသမီးအရသော်လည်းကောင်း ဒါတွေဟာ လုပ်ငန်းစဉ်အရသုံးသပ်ဖို့ ကျနော်တို့ ကြိုးစားမယ်"
ပြီးခဲ့တဲ့လပိုင်းက တစ်နိုင်ငံလုံးမဲစာရင်းအရေအတွက်ကို ပထမအကြိမ် ထုတ်ပြန်ခဲ့ရာမှာ အမှားအယွင်းတွေ အများအပြားရှိခဲ့တာတွေကို အခုတစ်ကြိမ် ထုတ်ပြန်မယ့် နောက်ဆုံးမဲစာရင်းမှာ ပြန်လည်ပြင်ဆင်မှုတွေ လုပ်သလားဆိုတာ စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
တစ်နိုင်ငံလုံးမဲပေးနိုင်တဲ့ လူစာရင်းကို နောက်ဆုံးအကြိမ်အဖြစ် သြဂုတ်လ ၂၄ ရက်နေ့ကနေ စင်တင်ဘာလ ၁၄ ရက်နေ့အထိ ထုတ်ပြန်သွားဖို့ရှိပါတယ်။ လက်ရှိတစ်နိုင်ငံလုံးမှာ မဲပေးနိုင်သူဦးရေ သန်း ၃၀ ဝန်းကျင်နဲ့ မဲရုံးပေါင်း လေးသောင်းကျော်အထိရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် PACE အဖွဲ့က ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ လူဦးရေ ၂၀၀၀ ကျော်အသုံးပြုပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စောင့်ကြည့်သွားမယ်လု့ိ ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ရေဘေးကြောင့် မှတ်ပုံတင်ပျောက်ဆုံးသူ၊ အိမ်ထောင်စုဇယား ပျောက်ဆုံးသူတွေ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲပေးနိုင်ဖို့ သက်သေခံကတ်တွေပေးမယ်လို့ ပြောထားတာကြောင့် ဒီအချက်တွေကိုလည်း စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေလက ချင်းပြည်နယ် တီးတိန်မြို့နယ်နဲ့ ရန်ကုန်မြို့ အလုံမြို့နယ်တွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လူထုစစ်တမ်းကို PACE အဖွဲ့က ကောက်ယူခဲ့ရာမှာ ရွေးကောက်ပွဲမှာ မဲထည့်ဖို့ မဲဆန္ဒရှင်ပြည်သူတွေ ကို အသိပညာပေးမှုတွေလုပ်ဖို့ အများအပြားလိုအပ်နေသေးတယ်ဆိုတာ တွေ့ရတယ်လို့ ပြောပါတယ်။