မဲရုံတာဝန်ခံတွေကို သင်တန်းအပြည့်အစုံပေးဖို့ အရေးကြီးကြောင်း PACE အဖွဲ့ ပြော


2015.10.20
pace-620.jpg ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး သြဂုတ်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ PACE အဖွဲ့က သတင်းစာရှင်းလင်းစဉ်
Photo: Thiha Tun/RFA

လာမယ့်နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဒိုင်လူကြီးအနေနဲ့ ဆောင်ရွက်ကြမယ့် မဲရုံမှူးတွေနဲ့ မဲရုံတာဝန်ခံတွေ ကို လိုအပ်တဲ့သင်တန်းတွေ ပြည့်ပြည့်စုံစုံပို့ချပေးရေးကိစ္စဟာ အလွန်အရေးကြီးကြောင်း ရွေးကောက်ပွဲစောင့်ကြည့် မယ့် PACE အဖွဲ့က RFA ကို ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း၂၀ ဝန်းကျင်သာ လိုတော့ပေမဲ့၊ ရွေးကောက်ပွဲကို တာဝန်ယူဆောင်ရွက်ကြမယ့် မဲရုံဝန်ထမ်း ၅သိန်းကို လိုအပ်တဲ့သင်တန်းတွေ ပို့ချပြီးမပြီး မသိရသေးဘူးလို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ မဲရုံပေါင်း ၁၀၀၀ ကျော်ကို လူအင်အား ၂၀၀၀ကျော်နဲ့ စောင့်ကြည့်မယ့် PACE ခေါ် ယုံကြည်ရသော ရွေးကောက်ပွဲပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမူအဖွဲ့က တာဝန်ခံ ဦးစိုင်းရဲကျော်စွာမြင့် က အခုလို ပြောပါတယ်။

"ကျနော်တို့ စိတ်ပူတာက မဲရုံမှူးတွေ၊ မဲရုံအဖွဲ့ဝင်တွေရဲ့ သင်တန်းတွေပေါ့နော်၊ ကော်မရှင်က လူ ငါးသိန်းလောက်ခန့်ထားမယ်လို့ ပြောတာကိုး၊ ငါးသိန်းကို သင်တန်းတွေစပေးနေပြီလား နောက်သင် တန်းတွေ ၃ပတ်အတွင်းမှာ သေသေချာချာပေးနိုင်ပါ့မလားပေါ့နော်၊ သူတို့အနေနဲ့ လုပ်ထုံးလုပ် နည်းတွေ ပြည်ထောင်စုအဆင့်က ခွင့်ပြုတဲ့အချက်တွေကို အောက်ခြေမှာရှိတဲ့ မဲရုံအဖွဲ့ဝင်တွေ ကိုယ်တိုင်က ရှင်းရှင်းလင်းလင်း အတိအကျနားလည်ဖို့ အခက်အခဲဖြစ်နိုင်မလား"


အခုလတ်တလောအနေနဲ့ နိုင်ငံတကာက မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေးခဲ့ကြတဲ့အခါ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မဲပေးတဲ့ပြည်သူတွေ အတွေ့အကြုံနည်းတာကြောင့်ဖြစ်ရတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံတကာသံရုံးတွေကို  ရွေးကောက်ပွဲဆိုင်ရာ လိုအပ်တဲ့သင်တန်းတွေ ပို့ချတာမျိုးမရှိခဲ့ဘူးလို့ PACE အဖွဲ့က ပြောပါတယ်။ ဒါ့အပြင် နိုဝင်ဘာလ ၈ ရက်နေ့မှာ မဲရုံတွေကို စောင့်ကြည့်မယ့်အဖွဲ့တွေအနေနဲ့ မဲရုံတွင်းမှာ တစ်နေကုန် စောင့်ကြည့်ခွင့်ရရှိဖို့လည်း အရေးကြီးတယ်လို့လည်း ပြောဆိုပါတယ်။

မြန်မာတနိုင်ငံလုံးမှာ မဲရုံပေါင်း ၁၀၀၀ကျော်ကို စောင့်ကြည့်ဖို့ စီစဉ်နေတဲ့ PACE အဖွဲ့ တာဝန်ခံ ဦးစိုင်းရဲကျော်စွာမြင့် ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။