ပဲခူးတိုင်း အနောက်ခြမ်းက လယ်သမားများ ဆန္ဒပြ
2012.03.27

စစ်အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဦးတင်လှိုင်လက်ထက်က လယ်သမားတွေကို လုပ်ပိုင်ခွင့်ချထားပေးခဲ့တဲ့ မြေတွေမှာ ပုဂ္ဂလိကပိုင်ကုမ္ပဏီက ကျွန်းပင်တွေလာစိုက်ပျိုးတဲ့အတွက် လယ်ယာမြေနဲ့ စားကျက်မြေ ဆုံးရှုံးရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန္ဒဖော်ထုတ်တာလို့ ကြာအင်းရွာဟောင်းက လယ်သမားကြီး ဦးစပယ်က ပြောပါတယ်။
"အမျိုးသားသယံဇာတ ကုမ္ပဏီလိမိတက်က ဆက်လက်လုပ်ကိုင်နေတာကို တားပေးဖို့ရယ်၊ ညှိနှိုင်းစကားပြောဖို့ ကျွန်တော်တို့ ချီတက်လာခဲ့တယ်။ ရိုးရိုးသားသားပဲ ဆန္ဒပြတဲ့ သဘောမျိုးပဲလာခဲ့တယ်။ အဲတာကို သူတို့ကဘာမှ မပြောဘူး။ ဖြေရှင်းပေးပါ့မယ်။ နောက်မဖြစ်ရပါဘူးလို့ သူတို့ တစ်ခွန်းမှ စကားကမထွက်ဘူး။ နားထောင်နေတာပဲ ရှိတယ်။ ဒီနှမ်းခင်းတွေ၊ ယာခင်းတွေ မရမချင်း ကျွန်တော်တို့က တောင်းဆိုသွားမယ်၊ ဆန္ဒပြသွားမယ်"
ကြာအင်း၊ သပြေကုန်း၊ သဲကုန်းရွာက လယ်သမားတွေ ၂ မိုင်လောက် ချီတက်သွားကြတာပါ။ ဒီရွာတွေက လယ်သမား ၈၀ လောက်ကလည်း သူတို့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတဆီ ဒီလ ၉ ရက်နေ့က စာတစ်စောင် ပေးပို့ထားတယ်လို့ ပြောပါတယ်။
လယ်ယာမြေ ဆုံးရှုံးရတဲ့အပြင် လယ်သမားတွေရဲ့ကျွဲနွားတွေ ကျွန်းစိုက်ခင်းထဲ ဝင်သွားရင် ဒဏ်ကြေးပေး ရွေးယူရ၊ လယ်သမားတွေကို ကျွန်းစိုက်ခင်းအတွက် အဓမ္မလုပ်အားပေးခိုင်းစေလို့ လုပ်ပေးရတဲ့ ဖြစ်ရပ်တွေလည်း ရှိတယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။
ကျွန်းပင်ငယ်လေးတွေကို မတော်တဆ ထိမိခိုက်မိရင်လည်း ဒဏ်ငွေတစ်သိန်းအထိ တောင်းတာရှိပြီး ငွေ ၇ သောင်းနဲ့ ဈေးတည့်သွားတာမျိုးလည်း ရှိတယ်လို့ ပြောပါတယ်။ လယ်သမားတွေ ကြုံတွေ့နေရတဲ့ အခြေအနေကို ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။
![]() |
တင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |