ပခုက္ကူမြို့က စစ်ကောင်စီသတင်းပေး ရာအိမ်မှူး ပစ်သတ်ခံရ

2021.09.19
ပခုက္ကူမြို့က စစ်ကောင်စီသတင်းပေး ရာအိမ်မှူး ပစ်သတ်ခံရ မကွေးတိုင်း၊ ပခုက္ကူမြို့ကို google earth မှတွေ့ရစဉ်
Photo: Google Earth

မကွေးတိုင်း၊ ပခုက္ကူမြို့က စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေသူ စစ်ကောင်စီခန့် ရာအိမ်မှူး ကိုဘဲဥဟာ စက်တင်ဘာလ ၁၉ ရက် မနေ့က သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ပခုက္ကူ ဒေသခံတွေက ပြောပါတယ်။

“မနေ့က မနက် ၁၀ နာရီလောက် ဘဲဥက ရွှေခေတ်ဦး လက်ဖက်ရည်ဆိုင်ထဲမှာ လက်ဖက်ရည်သောက် နေတာ အဲအချိန် လူတစ်ယောက်က သေနတ်နဲ့ဝင်ပစ်သွားတာ၊ သူကဒလံလုပ်နေတဲ့သူလို့ နာမည်ကြီး တယ်ဗျ” လို့ ကိုယ်တိုင်တွေ့ခဲ့ရတဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

မနက် ၁၀ နာရီဝန်းကျင်မှာ အပစ်ခံခဲ့ရတာဖြစ်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ပခုက္ကူဆေးရုံကနေ မန္တလေး ဆေးရုံကြီးအထိ ပို့ဆောင်ခဲ့ရပေမယ့် ညနေပိုင်းမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်သားတွေဟာ လက်ဖက်ရည်ဆိုင်အပါအဝင် အနီးအနားပတ်ဝန်းကျင်က လမ်းသွားလမ်းလာ ပြည်သူတွေကို ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကိုဘဲဥကို ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့လည်းဆိုတာတော့ တိတိကျကျမသိရသေးပါဘူး။

စက်တင်ဘာလ ၁၉ ရက်မနေ့ မနက်ပိုင်းမှာပဲ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေး မှူး တစ်ဦးနဲ့ လှိုင်မြို့နယ်က စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေသူတစ်ဦး သေနတ်နဲ့ အပစ်ခံခဲ့ရသလို ညနေပိုင်းမှာလည်း ကရင်ပြည်နယ် သံတောင်ကြီးမြို့က သတင်းပေးဒလံလို့ စွပ်စွဲခံရသူ တစ်ဦး အပစ်ခံရပြီး သုံးဦးစလုံး သေဆုံးသွားကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစား နေဆဲပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။