ပလိပ်အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
2014.01.16

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံ အမှတ် ၂ ကို ပုဂ္ဂလိကလုပ်ငန်းရှင်လက်ထဲ လွှဲပြောင်းပေး လိုက်တာကြောင့် စက်ရုံလုပ်သား ၂၀၀ ကျော်က ပုဂ္ဂလိကစက်ရုံမှာလည်း လာမယ့် ၂၀၁၅ ခုနှစ်အထိ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုကြောင်း ဒီကနေ့ နေ့လည်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
စက်မှုဝန်ကြီးဌာနက အဲဒီစက်ရုံမှာရှိတဲ့ ဝန်ထမ်းတစ်ထောင်ကျော်ကို ဇန်နဝါရီလကုန်ကစလို့ ပင်စင်ပေးပြီး ဝန်ထမ်းအဖြစ်မှ ရပ်စဲတော့မယ်လို့ အသိပေးအကြောင်းကြားထားတယ်။
ဒါ့အပြင် အဲဒီစက်ရုံကဝန်ထမ်း ၈၀ ကျော်ကို အလုပ်ကနေ ထုတ်ပယ်ပစ်လိုက်တာကြောင့် ကျန်တဲ့ဝန်ထမ်းတွေက စိုးရိမ်နေကြပြီး ဒီနေ့ဆန္ဒပြတဲ့ဝန်ထမ်းတွေက ပုဂ္ဂလိကစက်ရုံမှာလည်း ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုတာကြောင့် ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ကြောင်း အလုပ်သမားတစ်ဦးဖြစ်တဲ့ ဦးလှကိုက ပြောပါတယ်။
"ကျနော်တို့ အစိုးရဝန်ထမ်းတွေအနေနဲ့ အခြားသောစက်ရုံများနည်းတူပေါ့လေ၊ မြစ်သားစက်ရုံ တို့၊ ပျော်ဘွယ်စက်ရုံတို့၊ ဒီ စက္ကူစက်ရုံခွဲ ပလိပ်တို့ ပုံစံမျိုးပေါ့၊ ၂၀၁၅ အထိ ကျနော်တို့ အစိုးရဝန်ထမ်းအဖြစ် တွဲဘက်ပြီးတော့ လုပ်ကိုင်ချင်ပါတယ်။ "
ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံ အမှတ် ၂ မှာ လုပ်သားပေါင်း တစ်ထောင်ကျော်လောက် ရှိတယ်လို့သိရသလို အဲဒီထဲက ဝန်ထမ်း ၇၀၀ လောက်ဟာ စက်ရုံဝန်ထမ်းအိမ်ယာမှာ နေထိုင်နေတယ်လို့ သိရပါတယ်။
ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်ဇောဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။