ပလက်ဝမြို့နယ်မှာ အေအေနဲ့ တပ်မတော် တိုက်ပွဲဖြစ်


2018.05.24
palatwa-refugees-622.jpg ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ထွက်ပြေးကြတဲ့ ကျေးရွာသားတွေကို ၂ဝ၁၈ ခုနှစ် မေလ ၂၃ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Aungkhumi - facebook

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်မဒိန်ကျေးရွာအုပ်စု ကူချောင်းဖျားကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့် တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးကြတဲ့ ကျေးရွာသား ၆ဝ ဝန်းကျင်လောက် ရှိပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ သူတို့ကျေးရွာကိုလည်း မပြန်ရဲသေးတာကြောင့် ဇဉ်ဘောင်းပြင်ကျေးရွာရဲ့ ခန်းမဆောင်ကို ပြောင်းနေကြဖို့ ကျေးရွာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးထားတယ်လို့ ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကျောင်းလက်ခံမယ့် အချိန်ကလည်း ကပ်နေပြီဆိုတော့ လောလောဆယ် ကျောင်းမဟုတ်ဘဲနဲ့ သူတို့ရွာမှာ ခန်းမဆောင် တစ်ခုရှိတယ်၊ သူတို့နဲ့ တိုင်ပင်ကြည့်တော့ လောလောဆယ် သူတို့ကျောင်းဖွင့်မယ်ဆိုရင်တော့ ခန်းမဆောင်မှာပဲပြောင်းလိုက်ပါ၊ ပြီးမှ ကျနော်တို့ ဆက်ပြီးတော့ အဲဒီမှာနေဦးမလား၊ ပြန်ဖို့အခြေအနေ ရှိသလားဆိုတော့ သူတို့ဘက်ကပြောတာက ပြန်ဖို့တော့ အလားအလာတော့ သိပ်မရှိဘူး၊ မပြန်ရဲဘူး လို့ပြောတယ်"

အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာခဲ့ရတာကြောင့် အရေးတကြီးလိုအပ်နေတဲ့ အဝတ်အစားတွေ၊ ဆန်၊ ခေါက်ဆွဲခြောက်နဲ့ ကော်ဖီမစ်တို့ကို ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့က မနေ့က သွားရောက်ကူ ညီထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အခုအချိန်ဟာ စိုက်ပျိုးထားတဲ့စပါးတွေကို ပေါင်းနှုတ်ပေးရတဲ့ အချိန်ဖြစ်ပြီး သူတို့ရွာကိုမပြန်ဖြစ်သေးဘဲ နောက်တစ်လ၊ နှစ်လလောက်ကြာသွားမယ်ဆိုရင် နောက်နှစ်အတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နိုင်တယ် လို့လည်း ရွာသူ၊ ရွာသားတွေက ပြောပါတယ်။

ဒါ့အပြင် ထွက်ပြေးလာသူတွေမှာ ကျောင်းနေအရွယ် ကလေးငယ်တွေလည်း ပါဝင်ပြီး မကြာခင်မှာ ကျောင်းတွေပြန် ဖွင့်တော့မှာ ဖြစ်တာကြောင့် သူတို့ကျောင်းနေဖို့အတွက် ဘယ်လိုစီစဉ်ပေးမလဲဆိုတာကို ဆွေးနွေးနေတာတွေ ရှိတယ်လို့ ပြောပါတယ်။

ဒီမေလအတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲ စုစုပေါင်း ၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် သတင်းနဲ့ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။