ပလက်ဝက ဒေသခံ ၆၀ ခန့် ထွက်ပြေးနေရ


2018.05.21
palatwa-refugees-622 ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲကြောင့် တိမ်းရှောင်နေကြတဲ့ ဒုက္ခသည်တွေကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက တွေ့ရစဉ်
Photo: Wai Lu Kyaw Foundation

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်မဒိန်ကျေးရွာအုပ်စု ကူချောင်းဖျားကျေးရွာနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ကူချောင်းဖျားကျေးရွာက ဒေသခံ ၆၀ လောက်ဟာ ဇဉ်ဘောင်းပြင် ကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ရွာလုံးကျွတ်နီးပါး ပြေးလာတာလို့ သတင်းတွေရရှိထားကြောင်း ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့ အတွင်းရေးမှူး ဦးကျော်အောင် က ပြောပါတယ်။

"ပလက်ဝမြို့နယ်၊ ရှင်မဒိန်ကျေးရွာအုပ်စုထဲမှာ ပါတယ်၊ ကူချောင်းဖျားကျေးရွာကနေ ဇဉ်ဘောင်းပြင်ဆိုတဲ့ရွာကို ထွက်ပြေးလာတာပေါ့၊ ကျေးရွာတစ်ရွာလုံးပဲလို့ ကြားတယ်၊ သူတို့မှာ ဘာမှမပါလာဘူး၊ ကိုယ်ခန္ဓာပေါ်မှာ ဝတ်ထားတဲ့ အဝတ်လောက်ပဲ ပါလာတယ်၊ အဲလိုမျိုးဖြစ်တယ်ဆိုပြီးတော့ အဆက်အသွယ်တော့ လုပ်ထားတယ်၊ နှစ်ဖက်တပ်တွေက လှုပ်ရှားလို့ အဲလိုပဲ ကျနော်တို့လည်း ကြားတယ်၊ ပထမပိုင်းတော့ ၄၇ ယောက်လောက် ရောက်တယ်၊ နောက်ပိုင်း ထပ်တိုးလာတော့ အခု ဒီမနက် စုစုပေါင်း ၆၀ လောက်ရှိပြီလို့ ပြောတယ်"

ထွက်ပြေးလာသူတွေဟာ ဇဉ်ဘောင်းပြင်ကျေးရွာက စာသင်ကျောင်းတွေမှာ နေထိုင်နေကြပြီး လတ်တလောမှာ အဝတ်အစားတွေ၊ ဆေးဝါး နဲ့ စားနပ်ရိက္ခာတွေ အကူအညီလိုအပ်နေတယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို မကြာမီရက်ပိုင်းအတွင်း သွားရောက်ကူညီပေးဖို့ ပြင်ဆင်နေတယ်လို့လည်း ဦးကျော်အောင် က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ပလက်ဝမြို့နယ်၊ ရှင်မဒိန် ကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော် AA နဲ့ တပ်မတော်တို့ မိနစ် ၂၀ ခန့်ကြာတဲ့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း ပလက်ဝဒေသတဝိုက်မှာ AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိန္ဒိယနိုင်ငံကို ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။