လုံခြုံရေးကြောင့် ပလက်ဝက ဒုက္ခသည်တွေကို စားနပ်ရိက္ခာ မပို့နိုင်သေး
2017.11.14
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားနေတဲ့ AA နဲ့ အစိုးရတပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရေးအခြေအနေကြောင့် စားနပ်ရိက္ခာအကူ အညီတွေ ပေးပို့နိုင်ခြင်း မရှိသေးဘူးလို့ ချင်းပြည်နယ် စည်ပင်သာယာရေး လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ဒီနေ့ ပြောပါတယ်။
ဒုက္ခသည်တွေဆီ ရိက္ခာတွေ ပေးပို့ရမယ့် လမ်းကြောင်း လုံခြုံရေးအခြေအနေကို ထည့်သွင်းစဉ်းစားနေရတဲ့ အတွက် ကြန့်ကြာနေတာလို့ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
"လောလောဆယ် ကြန့်ကြာနေတဲ့ကိစ္စက ပလက်ဝကနေ အထက်ပိုင်းကို ရိက္ခာတွေသယ်ပို့ဖို့ လမ်းကြောင်းမှာ လုံခြုံရေးကို ထည့်သွင်းစဉ်းစားနေရတဲ့ အပိုင်းဖြစ်ပါတယ်။"
အစိုးရတပ်မတော်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကစတင်ပြီး ကုလားတန်မြစ်အထက်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ် ဂုံပြင်ရွာနားမှာ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ဂုံပြင်ရွာက ကျေးရွာသား ၃၀၀ လောက်နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြပြီး ပလက်ဝမြို့နယ် ရှင်းလက်ဝရွာမှာ ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။
လက်ရှိအချိန်ထိ ကုလားတန်မြစ်အထက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။