ပျောက်ဆုံးနေတဲ့ ပလက်ဝဒေသခံ ၁ဝ ဦး သတင်းမရသေး
2019.10.06
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့က ပျောက်ဆုံးနေတဲ့ ဒေသခံ ၁၀ ယောက်နဲ့ပတ်သက်လို့ အခုချိန်ထိ သတင်းအစအန မရဘူးလို့ ချင်းလူ့အခွင့် အရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်လောက်ကစလို့ ရခိုင်ပြည်နယ် မြို့နယ်အတော်များများနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အရပ်သားထိခိုက်သေဆုံးတာတွေ၊ ဖမ်းဆီးထိန်းသိမ်းခံရတာတွေအပြင် သတင်းအစအန မရဘဲ ပျောက်ဆုံးနေသူတွေ ရှိနေတာပါ။
ပလက်ဝမြို့နယ်မှာဆိုရင် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း သုံးယောက် ပျောက်သွားပြီး၊ အဲဒီနောက်ပိုင်း ဒီနှစ် ဇွန်လကစလို့ ပျောက်သွားသူတွေနဲ့ ဆိုရင် စုစုပေါင်း ၁၀ ယောက် ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ စာရင်းတွေအရ သိရပါတယ်။
သူတို့တွေဟာ သာမာန်တောသူတောင်သားတွေသာဖြစ်တယ်လို့ ချင်းလူအခွင့်အရေးအဖွဲ့က စလိုင်းတေးရားက ပြောပါတယ်။
"သူတို့က ရခိုင်နယ်စပ်ဖြစ်တယ်ဆိုတော့ ရခိုင်ပြည်နယ်မှာ ဆန်နဲ့ ရိက္ခာဝယ်ဖို့သွားတာ။ အပြန်မှာ စက်လှေနဲ့ အတူ ပျောက်တယ်။ ဒေသခံတွေဆီကနေတဆင့်ရတာပါ့။ တချို့ကတော့ ဆိုင်ရာကို မပြောရဲသေးဘူး စောင့်ကြတယ်"
ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရဆီကို တရားဝင်စာတင် တိုင်ကြားထားတာ မရှိသေးဘူးလို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က RFA ကို ပြောပါတယ်။
ဆန်နဲ့ရိက္ခာ ဝယ်ဖို့သွားတာ အပြန်မှာ စက်လှေနဲ့အတူ ပျောက်တယ်
"ကျနော်တို့လည်း ကြားတော့ကြားပါတယ်။ အွန်လိုင်းမှာပဲ တင်တာတွေရှိတယ်။ နယ်မြေမှာတော့ တပ်နဲ့ ရဲက နယ်မြေ လုံခြုံရေးကိုလုပ်တော့ ရဲသတင်းတွေအရ အကြမ်းဖျင်းသိရ တယ်။ ကျနော်တို့ ပလက်ဝက ချင်းပြည်နယ်။ လက်ရှိ လှုပ်ရှားနေတဲ့ အေအေက သူတို့ရခိုင်ပြည်နယ်မှာ သူတို့လှုပ်ရှားနေရင် ဒီကိစ္စတွေမဖြစ်ဘူး။ နောက်တစ်ခု က နယ်စပ်ဒေသတွေမှာပဲဖြစ်တာ အခုက မြို့ရွာတွေမှာအခြေခံတော့ ဒေသခံတွေ ဒုက္ခရောက်တာပေ့ါ"
ဒီအရပ်သားတွေ ပျောက်ဆုံးသွားတဲ့ နေရာတွေဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အစပ်က ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတဲ့နေရာပဲဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမဲ့ ဘယ်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားသလဲ၊ အသက်ရှင်နေနေလား၊ ဘယ်လိုအခြေအနေတွေ ရှိနေလဲဆိုတာ မသိရတဲ့အတွက် ဒေသခံတွေနဲ့ မိသားစုတွေက စိုးရိမ်နေကြပါတယ်။
ဒီလူတွေကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ယူဆကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ - မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကလည်း - တပ်မတော်က ဖမ်းဆီးထားတာ မရှိဘူးလို့ပဲ ပြောပါတယ်။
"မရှိဘူးနော်။ ပလက်ဝမှာ ခေါ်ထားတာ ဘယ်သူမှမရှိဘူး။ ခေါ်ထားတာ အေအေပဲ ခေါ်ထားတာဖြစ်လိမ့်မယ်။ ကျနော်တို့က လုံးဝမခေါ်ဘူးနော်"
ပျောက်ဆုံးနေတဲ့ဒေသခံတချို့ရဲ့ မိသားစုဝင်တွေကတော့ ရဲတပ်ဖွဲ့ထံ တိုင်ကြားထားကြပါတယ်။ ဒါပေမဲ့ အခုချိန်ထိ ဘာသတင်းမှ မရသေးတဲ့အတွက်လည်း ရဲတပ်ဖွဲ့အပေါ် ဝေဖန်နေကြပါတယ်။ အဲဒီဒေသတဝိုက် ရဲတပ်ဖွဲ့ရဲ့ လှုပ်ရှားနေရတဲ့ အခြေအနေကို ဝန်ကြီး ဦးစိုးထက်က အခုလို ပြောပါတယ်။
"ရဲကတော့ ပြောရရင်တော့ သူတို့လုံခြုံရေးကိုသူတို့ မနည်းလုပ်နေရတဲ့ပုံစံမျိုး။ နယ်မြေကို လုံးဝမဆင်းနိုင်ဘူး။ နယ်မြေကိုဆင်းပြီးတော့ ကွပ်ကဲမှု မယူနိုင်ဘူး။ ပြည်သူကို လုံခြုံမှုယူဖို့ လုံးဝခက်တဲ့အနေထားရှိတယ်။ စစ်ဆင်ရေးနေရာ၊ မလုံခြုံတဲ့နေရာဖြစ်လို့ သွားလာဖို့ အင်တန်ခက်တယ်။ မြို့ပေါ် အေးချမ်းတဲ့နေရာလိုမျိး သတင်းကိုသေချာမယူနိုင်ဘူး။ သေချာလည်း ဥပဒေစိုးမိုးမှုကို မလုပ်ပေးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်"
စစ်ဖြစ်ပွားရာဒေသတွေမှာ တရားဥပဒေစိုးမိုးမှု အားနည်းပြီး၊ ပလက်ဝလို သွားလာရေးခက်ခဲတဲ့ ဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ အခုလို အခြေအနေတွေကြောင့် စိုးရိမ်ကြောက်လန့်နေကြတာပါ။
ပလက်ဝမြို့ ဒေသခံ ကိုကျော်အောင် က အခုလို ပြောပါတယ်။
"ကျနော်တို့ ဒေသခံတော်တော်များများကတော့ တောင်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေ၊ အများအားဖြင့် တောထဲ တောင်ထဲကို တစ်ယောက်တည်း မသွားရဲဘဲ အစုအဖွဲ့နဲ့ သွားရတာမျိုးရှိသလို မနက် ၇ နာရီထွက်တယ်၊ ညနေ ၄ နာရီ ၅ နာရီ အိမ်ပြန်တယ်။ အဲလိုတွေရှိတယ်။ နောက်တစ်ခုက ခရီးသွားလာရေးမှာလည်း တကယ့် အရေးကြီးမှ သွားလာတဲ့ အနေထားရှိတယ်"
ဒီ ၁၀ ယောက်ဟာ ပျောက်ဆုံးချိန်တွေ မတူကြပါဘူး။ ၂၀၁၈ အောက်တိုဘာလမှာ ပီချောင်းဒေသ၊ ရပ်ချောင်းကျေး ရွာက အသက် ၆၀ အရွယ် ဦးခိုလိုးနဲ့ သူ့ရဲ့တူတွေဖြစ်တဲ့ အသက် ၁၅ နှစ်အရွယ် မောင်ကျော်နိုင်၊ အသက် ၁၄ နှစ်အရွယ် မောင်ဘင်ယာမင် တို့ဟာ တောထဲမှာ ဟင်းစားအရှာထွက်ရင်း ပျောက်ဆုံးတာဖြစ်ပါတယ်။
၂၀၁၉ ဇွန် မှာတော့ ပလက်ဝမြို့၊ သံတောင်ကျေးရွာက အသက် ၅၈ နှစ်အရွယ် ဦးကျော်အေး ဟာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကနေ ပြန်လာတဲ့လမ်းမှာ ပျောက်ဆုံးတာဖြစ်ပြီး သြဂုတ် ၉ ရက်မှာလည်း သံတောင်ကျေးရွာကပဲ အသက် ၂၀ အရွယ် မောင်ပူးကီ ကလည်း မြောက်ဦးမြို့မှာ ကုန်ပစ္စည်းသွားဝယ်ရင်း ပျောက်ဆုံးသွားတာပါ။
ဇူလိုင် ၁၆ မှာတော့ ပလက်ဝမြို့နယ် ဘောင်ဝကျေးရွာက အိုက်ကျော်လင်းနိုင်၊ အိုက်ကျော်စိန်၊ အိုက်ကျော်ကျော် သန်း၊ အိုက်ကျော်လင်း တို့ ၄ ယောက်၊ သြဂုတ်လ ၁ ရက်နေ့မှာ နှမဒါးကျေးရွာက ဦးဆဘောင်တို့ ပျောက်ဆုံးနေ တာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
AA နဲ့ တပ်မတော်တို့ တိုက်ပွဲကာလအတွင်း ရခိုင်ပြည်နယ်မှာလည်း ပျောက်ဆုံးသူ ၁၀ ဦးကျော် ရှိတယ်လို့ ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့တွေက ပြောကြပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်)