ပုလောက စက်လှေနစ်မြုပ်မှု သေဆုံးသူ ၁၄ ဦးအထိရှိလာ
2024.10.22

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက္ကာရွာနီး ပင်လယ်ပြင်က စက်လှေနစ်မြုပ်မှုမှာ အောက်တိုဘာ ၂၂ ရက် ဒီနေ့မနက် ၁၁ နာရီအထိ ရုပ်အလောင်း ၁၄ လောင်းကို ရှာတွေ့ထားပြီး နောက်ထပ် ၁၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
လူ ၉၇ ဦးလိုက်ပါလာတာဖြစ်ပြီး အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သူက ၇၁ ဦး ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိသေဆုံးရုပ်အလောင်း တွေ့ထားသူ ၁၄ ဦးထဲမှာတော့ သုံးလနဲ့ ငါးနှစ်ကြား ကလေးသုံးဦး၊ အသက် ၁၁ နှစ်ကနေ ၆၀ အကြား အမျိုးသမီး ကိုးဦးနဲ့ အမျိုးသားနှစ်ဦး ပါဝင်ပါတယ်။
ဒီနေ့မနက်ပိုင်းအထိ ရုပ်အလောင်းတွေကို ထပ်မံရှာတွေ့တာဖြစ်ပြီး နောက်ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခုက မှောက်သွားတဲ့ လှေကို ဆယ်နေတုန်းပဲ။ လှေဝမ်းဗိုက်ထဲမှာ အလောင်း တော်တော်များများ ရှိသေးတယ်။ မနေ့ညက လှေကိုပြန်ဆယ်တာ ကြိုးပြတ်သွားလို့ ညက နားထားတယ်။ ဒီမနက်မှာ လှေကို ပြန်ဆယ်ကြမယ်”
အောက်တိုဘာ ၂၀ ရက်နေ့ ညကိုးနာရီခန့်က ပုလောမြို့နယ် ကျောက္ကာရွာကနေ မြိတ်မြို့ကို စက်လှေထွက်ခွာစဥ် ကျောက္ကာရွာအနီးမှာပဲ စက်လှေ နစ်မြုပ်ခဲ့တာပါ။
စက်လှေပေါ်မှာ စစ်ဘေးဒုက္ခသည်တွေနဲ့ သီတင်းကျွတ် ကျောင်းပိတ်ရက် ပြန်လာကြတဲ့ ကျောင်းသားတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်လှေနစ်မြုပ်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပုလောမြို့နယ် ကြဲရွာနဲ့ အနီးတစ်ဝိုက်မှာ အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး တိုက်ပွဲ ပြင်းထန်နေတာကြောင့် မြိတ်-ပုလော ပြည်ထောင်စုကားလမ်းမှာ ခရီးသွားကားတွေနဲ့ ကုန်ကားတွေ ပိတ်မိနေပြီး အများစုဟာ ရေလမ်းကိုပဲ အသုံးပြုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။