ပုလောမှာ လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး သေဆုံး

RFA Burmese
2023.06.08
ပုလောမှာ လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး သေဆုံး ပုလောမြို့နယ် မင်းထိန်ရွာက လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့တဲ့ ဦးဖိုးချွန်း။
Citizen Journalist

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်ရွာမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျ‌ရောက်ပေါက်ကွဲတဲ့အတွက် အမျိုးသားတစ်ဦး ထိမှန်သေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံ ဆရာစံက ပြောပါတယ်။

"မနေ့ ညနေငါးနာရီကျော်မှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်စထိမှန်ပြီး မင်းထိန်ရွာက အသက် ၅၃ နှစ်အရွယ် ဦးဖိုးချွန်း သေသွားတယ်၊ အခြား ရှစ်ဦးလည်း ဒဏ်ရာရတယ်"

ပုလောမြို့အခြေစိုက် ခလရ-၂၈၅ တပ်ရင်းကနေ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲက အမျိုးသမီးတစ်ဦးဟာ စိုးရိမ်ရတဲ့အတွက် ဆေးကုသမှုခံယူနေရတယ်လို့ ဆရာစံကပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်စထိမှန်ပြီး မင်းထိန်ရွာက အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို အသက် ၁၀၂ နှစ်အရွယ် အဘွားတစ်ဦး လက်နက်ကြီးပေါက်ကွဲသံကြောင့် ထိတ်လန့်ပြီး သေဆုံးခဲ့ပါတယ်။

မေလ ၂၆ ရက်နေ့ကလည်း မင်းပြင်ရွာက အသက် သုံးနှစ်အရွယ် ကလေး တစ်ဦးနဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ်ဟာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှု အများဆုံးမြို့နယ်လည်း ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးခဲ့တဲ့ အရပ်သား ၃,၆၁၄ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။