ပုလောမြို့နယ် မီးဒုက္ခသည် များ စောင်၊ ခြင်ထောင် နဲ့ ရေသန့်လိုအပ်


2016.02.14
palaw-fire-620.jpg တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကျောက်ကာကျေးရွာမှာ ဖေဖော်ဝါရီလ ၁၃ နေ့က မီးလောင်ကျွမ်းခဲ့တဲ့နေရာကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပုလောမြို့နယ် ကျောက်ကာကျေးရွာမှာ စနေနေ့က မီးလောင်ကျွမ်းခဲ့လို့ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသူ လူဦးရေ ၁၈ဝဝ ကျော်အတွက်  လတ်တလောမှာ စောင်နဲ့ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ မီးဘေးဒုက္ခသည်တွေက ပြောပါတယ်။

လောလောဆယ်မှာ ဒုက္ခသည်တွေဟာ နီးစပ်ရာကျေးရွာတွေမှာ သွားရောက်နေထိုင်နေကြပြီး သောက်သုံးရေ အခက်အခဲရှိနေတယ်လို့ ကျောက်ကာရွာသား တစ်ဦးဖြစ်သူ ကိုစိုးမင်းဟန်က ပြောပါတယ်။

"ဒုက္ခသည်တွေကတော့ မီးစွဲသွားတဲ့အိမ်နေရာတွေမှာပဲ ဆောက်နေတာ များပါတယ်ခင်ဗျ၊ ဒုက္ခသည်တွေ ကတော့ နေဖို့ ထိုင်ဖို့ရယ်၊ မီးရယ်၊ ရေရယ် အဲ့ဒါအဓိကပေါ့ဗျာ"

ရပ်ကွက် (၂ ) က နေအိမ်တစ်လုံးမှာ လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မနက် ၈ နာရီကနေ မွန်းလွဲ ၁ နာရီအထိ ငါး နာရီကြာ မီးလောင်ကျွမ်းခဲ့တာကြောင့် ကျေးရွာထဲရှိ နေအိမ် ၉ဝဝ ကျော်ထဲက  အိမ်ခြေ ၂၉၇ လုံး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်တဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က မီးလောင်ခဲ့ တဲ့ ကျောက်ကာကျေးရွာကို ဆန်၊ ဆေးနဲ့ ရွက်ဖျင်တဲတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကြေးထောက်ပံ့ ကူညီပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။