ပုလဲမြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း နှစ်ဆယ်ကျော် ဖမ်းမိကြောင်း တော်လှန်ရေးတပ်တွေ ပြော

RFA Burmese
2024.11.17
ပုလဲမြို့သိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း နှစ်ဆယ်ကျော် ဖမ်းမိကြောင်း တော်လှန်ရေးတပ်တွေ ပြော စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားစဥ်။
ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရမိတယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက RFA ကို နိုဝင်ဘာလ ၁၇ ရက် ဒီနေ့မှာပြောပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲကို ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) က ဦးဆောင်ပြီး Generation Z Army (GZA)နဲ့ Southern Yesagyo (SYSO) အဖွဲ့တို့က နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲဖြစ်ချိန် ၄၈ နာရီအတွင်း စစ်ကောင်စီရဲ့ မြို့နယ်ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် နှစ်ဆယ်ကျော်အပြင် လက်နက် နှစ်ဆယ်ကျော်လည်း သိမ်းဆည်းရမိတယ်လို့ အဲဒီတိုက်ပွဲမှာပါတဲ့ Generation Z Army (GZA) ရဲ့ စစ်ဦးစီးချုပ် ကိုအောင်ကျော်မျိုးထက်က RFA ကို ပြောပါတယ်။

“သေနတ်ကတော့ အလက် နှစ်ဆယ်ကျော်မယ်ဗျ။ သုံ့ပန်းကလည်း နှစ်ဆယ်ကျော် ပါတယ်။ အခြေအနေကတော့ အခုငြိမ်နေပါတယ်။ စကစ (စစ်ကောင်စီ) ကတော့ မြို့သိမ်းခံထားရတာဆိုတော့ သူတို့ ရဟတ်ယာဥ်နဲ့ တပ်ကူချတယ်။ အင်အား တစ်ရာကျော်လောက်နဲ့ပါ။ အဲဒီတပ်ကူနဲ့ပဲ မြို့ကို ထိန်းချုပ်ထားတယ်ပေါ့။ စစ်ကြောင်း ထွက်ဖို့လည်း သူတို့ ပြင်ဆင်မှုလုပ်နေတဲ့ အနေအထားတော့ ရှိတယ်”

ပုလဲမြို့ကို စစ်ကောင်စီဘက်က ရဟတ်ယာဥ်သုံးစင်းနဲ့ အင်အားတစ်ရာကျော်ခန့် ထပ်မံ ဖြည့်တင်းထားတာကြောင့် အရင်ရှိပြီးသား မြို့ပေါ်က တပ်အင်အားနဲ့ဆိုရင် အင်အား နှစ်ရာဝန်းကျင်နဲ့ မြို့ကို ထိန်းချုပ်ထားတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ နှစ်ဖက်တိုက်ပွဲတွေ မရှိသေးပေမဲ့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် မကြာခင် တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲတွေဘက်က ကိုးဦး သေဆုံးသွားသလို ၁၁ ဦး ဒဏ်ရာရတယ်လို့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) က နိုဝင်ဘာ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး အများစုက ထိခိုက်ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲကို အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) က စစ်ကူအင်အား အပါအဝင် တံတားဦး လေတပ်၊ မိတ္ထီလာရှမ်းတဲ လေတပ်နဲ့ မကွေး လေတပ်တို့ကနေ လေကြောင်းတိုက်ခိုက်မှု အကြိမ် ခုနစ်ဆယ်ကျော် လုပ်တာကြောင့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပုလဲမြို့က ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ BNRA က ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က နိုဝင်ဘာ ၁၇ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ပုလဲမြို့နယ်အတွင်း တိုက်ပွဲကြောင့် ရွာပေါင်း နှစ်ဆယ်ကျော်က စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး တချို့က နေရပ်မပြန်နိုင်ကြသေးဘူးလို့ ပုလဲမြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။